ကျိုင်းတုံမြို့တွင် COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများအား ဟိုတယ်နှင့်ခရီးသွားလာရေးတွင် ပိုမိုဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၁၆ ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများအား ဟိုတယ်နှင့်ခရီးသွားလာရေးတွင် ပိုမိုဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို (၁၆.၅.၂၀၂၀) ရက်နေ့ ၊ နံနက် (၉) နာရီ၌ Amazing Keng Tung Hotel အစည်းအဝေးခန်းမတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကျိုင်းတုံမြို့နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမြင့်အောင်၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့ပါသည်။

 

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလဲ့ထွဋ်မှ COVID-19 ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများအား ဟိုတယ်နှင့်ခရီးသွားလာရေးတွင် စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုနောက် ဟိုတယ်လုပ်ငန်းရှင်များဘက်မှ လည်းသိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့သည်။ အဆိုပါအစည်းအဝေးကို ကျိုင်းတုံမြို့ပေါ်ရှိ ဟော်တယ် (၁၇)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags