ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ အထောက်အကူပြုဝန်ထမ်းများအား COVID-19 ရောဂါပိုး စစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးသွားရောက်ကြည့်ရှု

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၁၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်အတူ ယနေ့၊ နံနက်ပိုင်း၌ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အထောက်အကူပြုဝန်ထမ်းများအား COVID-19 ရောဂါပိုး စစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းများဆောင်ရွက်နေမှု များကို သွားရောက်ကြည့်ရှုခဲ့ပါသည်။

 

     ထိုသို့သွားရောက်စဉ်တွင် ပြည်ထောင်စုဝန်ကြီးက တာဝန်ကျဝန်ထမ်းများကို တွေ့ဆုံ၍ -

• ဓာတ်ခွဲနမူနာရယူခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားကူးစက်မှုမရှိစေရေး လိုက်နာ ကျင့်သုံးရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

• ဓာတ်ခွဲနမူနာစစ်ဆေးခံမည့်သူများအား ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း ရောဂါပိုးကူးစက် ခံရမှုရှိနေနိုင်သည်ကို အသိပညာပေးပြောကြားရမည်ဖြစ်ပါကြောင်း၊

• ရောဂါကူးစက်မှုခံရပါက ကူးစက်မှုခံရပြီး (၅) ရက်မှ (၇) ရက်အတွင်းတွင် ရောဂါပိုးတွေ့ရှိနိုင်ချေအများဆုံးဖြစ်ပါကြောင်း၊

 

• ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရသော်လည်း ပေါ့ဆခြင်းမပြုဘဲ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဆက်လက်လိုက်နာရန်မှာ အထူးအရေးကြီးသည်ကို မှာကြားစေလိုပါကြောင်း၊

• ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိကိုယ်တိုင်နှင့် မိမိ၏ မိသားစု၊ မိတ်ဆွေများထံသို့ ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊

 

• နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများသည် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာရယူခြင်းလုပ်ငန်းများကို စနစ်ကျစွာ စီစဉ်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာရယူခြင်းများကို (၁၃-၅-၂၀၂၀) ရက်နေ့တွင် လွှတ်တော် အထောက်အကူပြုဝန်ထမ်းများအားလည်းကောင်း၊ (၁၄-၅-၂၀၂၀) နှင့် (၁၅-၅-၂၀၂၀) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များအားလည်းကောင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

More Tags