Video Conferencing ဖြင့် ဗဟိုကွင်းဆင်းအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် ဆေးရုံကြီးများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဗဟိုအဆင့်တာဝန်ရှိသူများသည် ယနေ့၊ နေ့လယ်ပိုင်းတွင် Video Conferencing ဖြင့် ဗဟိုအဆင့်ကွင်းဆင်းအဖွဲ့ဝင်များ၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများ၊ တာဝန်ခံများ နှင့် ဆေးရုံကြီးများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကာလတွင် ရောဂါကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများ၏ အခန်းကဏ္ဍနှင့် လူနာများကို ကုသမှုပေးခြင်းအတွက် သက်ဆိုင်ရာဆေးရုံများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊

 

• ယနေ့ အစည်းအဝေးတွင် အသွားအလာကန့်သတ်ထားရှိရာတွင် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများကို ရှာဖွေထောက်လှမ်းမှုလုပ်ငန်းများ၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ၊ လူနာများအား ကုသရေးလုပ်ငန်းများ၊ ဓာတ်ခွဲနမူနာပေးပို့မှုလုပ်ငန်းများတွင် တွေ့ကြုံရသည့်အခက်အခဲများကို ပြောကြားဆွေးနွေးကြစေလိုပါကြောင်း၊

• အသွားအလာကန့်သတ်မှုလုပ်ငန်းများဆောင်ရွက်သည့်အခါ သတ်မှတ်ရက်ပြည့်မြောက်မည့်သူများ စာရင်းကို ရက်အလိုက်ကြိုတင်ပြင်ဆင်ရေးဆွဲထားရှိစေလိုပါကြောင်း၊

 

• ကရင်နှင့် မွန်ပြည်နယ်များရှိ နယ်စပ်ဝင်၊ ထွက်ပေါက်များမှတစ်ဆင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာဖွယ်ရှိသဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုလုပ်ငန်းများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များ၊ ဆေးရုံများမှ လိုအပ်ချက်များအား ပွင့်လင်းစွာဖြင့်ပြောကြား ကြစေလိုပါကြောင်း၊

• ယခုအချိန်တွင် ရောဂါကာကွယ်၊ ထိန်းချုပ်မှုလုပ်ငန်းများတွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ပံ့ပိုးမှု၊ နှီးနွှယ်ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသည် အရေးကြီးပြီး လုပ်ငန်းများအောင်မြင်ရန်မှာ ပြည်သူများကိုယ်တိုင် မိမိတို့ထံ ရောဂါမကူးစက်စေရန်နှင့် အခြားသူများထံရောဂါ ပျံ့နှံ့မှုမရှိစေရေးအတွက် ဆောင်ရွက်ခြင်း အခန်းကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊

 

• ရောဂါလက္ခဏာမပြသသော်လည်း ရောဂါပိုးရှိနေနိုင်သည် ဆိုသည့်အချက်ကို ပြည်သူများသိရှိရန် လိုအပ်ပါကြောင်း၊

• ယခုအချိန်တွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေသော်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ပုံမှန်ဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေးစီမံချက်လုပ်ငန်းများ နှောင့်နှေးမှုမရှိစေရေးကိုလည်း အလေးပေးဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊

• မိမိအနေဖြင့် ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ သိသိသာသာကျဆင်းစေရေးအတွက် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များကို အမျိုးသားအဆင့်အနေဖြင့် ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

Video Conferencing တွင် ဗဟိုအဆင့်တာဝန်ရှိသူများ၊ ဗဟိုကွင်းဆင်းအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနများနှင့် ဆေးရုံကြီးများမှ တာဝန်ရှိသူများက -

• အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရာနေရာ (Facility quarantine) များတွင် သတ်မှတ်စံနှုန်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည့်အခါတွေ့ရှိရချက်များ၊ လက်ရှိတိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်နေသော အသွားအလာကန့်သတ်ဆောင်ရွက်နေသော နေရာအရေအတွက်နှင့် လူဦးရေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊

• Facility quarantine၊ Community-based facility quarantine နှင့် Home quarantine အသွားအလာကန့်သတ်ဆောင်ရွက်ရာနေရာများသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တွေ့ရှိချက်များနှင့် လိုအပ်ချက်များ၊

 

• သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်တစ်ခုတွင် အသွားအလာကန့်သတ်မှုသတ်မှတ်ကာလပြည့်သည်အထိ စောင့်ကြည့်ခံရပြီးသူများသည် မိမိတို့နေထိုင်ရာ ဒေသများသို့ ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း အသစ်တဖန်ပြန်လည်၍ အသွားအလာကန့်သတ်ခံရနေမှုများကိစ္စရပ်များ၊

• ဓာတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများအားရှာဖွေထောက်လှမ်းမှု (contact tracing) အတွေ့အကြုံနှင့် အခက်အခဲများ၊

• စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရမည့် အချက်များအား စစ်ဆေးခြင်းလုပ်ငန်း များဆောင်ရွက်နေမှုနှင့် အခက်အခဲများ၊

 

• ဓာတ်ခွဲနမူနာပေးပို့ခြင်းလုပ်ငန်းများ (specimen collection and transportation) အတွက် လိုအပ်ချက်များ၊

• စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများကို အထူးဦးစားပေး၍ အမြန်စစ်ဆေးသွားနိုင်ရန် စီစဉ်ပေးသွားမည့်ကိစ္စ၊

 

• ကရင်နှင့် မွန်ပြည်နယ်တို့ရှိ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ဧပြီလကုန်၌ အလုံးအရင်းနှင့် ပြန်လည် ဝင်ရောက်လာပါက အတွေ့ကြုံရမည့်အခြေအနေများ ကြိုတင်ပြင်ဆင်ထားရှိမှု (preparedness for POE) နှင့် လိုအပ်ချက် များစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags