ပညာရေးဝန်ကြီးဌာနမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြု ဒရုန်းယာဉ်နှင့် စက်ပစ္စည်းများ လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၇) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာနမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြု ဒရုန်းယာဉ်နှင့် စက်ပစ္စည်းများ လှူဒါန်းမှုအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ လက်ခံခဲ့ပါသည်။

 

     လှူဒါန်းမှုအကြောင်းအရင်းများကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် -

• တစ်ကမ္ဘာလုံး၊ နိုင်ငံအားလုံးရင်ဆိုင်နေရသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 စိန်ခေါ်မှုများ အား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဦးဆောင်၍ နေ့စဉ်စီမံဖြည့်ဆည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

• နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ Video Conferencing ဖြင့် ပြောဆို ဆွေးနွေးကြရာတွင် ဝေဘာဂီအထူးကုဆေးရုံမှ တာဝန်ရှိသူများက လူနာခန်းများသို့ ပစ္စည်းများပေးပို့ရန်နှင့် ပိုးသတ်သန့်စင်ရေးလုပ်ငန်းများကို အလိုအလျှောက်ဆောင်ရွက်သည့် စက်ပစ္စည်းများလိုအပ်သည်ကို တင်ပြခဲ့ပါကြောင်း၊

• ထိုကဲ့သို့သော လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ရှိ တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရှင်များက အလိုအလျှောက် (autopilot) နှင့် အဝေးထိန်း (remote controlled) စက်ပစ္စည်းများကို ကြိုးပမ်းဆန်းသစ်တီထွင် ဆောင်ရွက်ခဲ့ပါ ကြောင်း၊

 

• ယခုကဲ့သို့ ပစ္စည်းကိရိယာများမှာယူရန်နှင့်ဝယ်ယူရန် ခက်ခဲနေချိန်တွင် ထိုသို့ဆောင်ရွက ်နိုင်ရန်အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများရရှိရန်နှင့် ရရှိသည့် ပစ္စည်းများဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြု စက်ပစ္စည်းများကို ပညာရှင်များက ဆန်းသစ်တီထွင်ပေးခဲ့ခြင်းကို သိရှိရပါကြောင်း၊

• ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်များမှ ပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များသည် ညီညွတ်စွာဖြင့် ၎င်းတို့၏ ကျွမ်းကျင်မှု၊ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု စွမ်းရည်များကို ကောင်းမွန်သည့် စိတ်ဓာတ်များ ဖြင့် အများအကျိုးအတွက် အသုံးချဆောင်ရွက်ခဲ့ခြင်းအပေါ် ချီးကျူးဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊

• ယခု အထောက်အကူပြု စက်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းရန်နှင့် ပိုမိုအသုံးတည့် စေရေးမွမ်းမံရာတွင်လည်း ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များက ဆက်လက် ပူးပေါင်း ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုများအား ကျေးဇူးတင်စကားပြောကြားရာတွင် -

• ယခုကဲ့သို့ အမှန်တကယ်လိုအပ်နေချိန်တွင် အထူးအသုံးဝင်မည့် စက်ပစ္စည်းကိရိယာများ လှူဒါန်းခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုလှူဒါန်းသည့် စက်ပစ္စည်းကိရိယာများသည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအတွက်သာမက COVID-19 ကပ်ရောဂါဖြစ်စဉ်ပြီးမြောက်ပြီး နောက်တွင်လည်း အခြားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက်ပါ အထူးအသုံး ဝင်မည်ဖြစ်ပါကြောင်း၊

• လူနာခန်းများသို့ ဆေးနှင့်ဆေးပစ္စည်းများ၊ အစားအသောက်များပေးပို့ရန်နှင့် ပိုးသတ်သန့်စင်ရေးလုပ်ငန်းများကို အလိုအလျှောက်ဆောင်ရွက်သည့် စက်ပစ္စည်းများသည် COVID-19 ကုသမှုပေးနေသည့် လုပ်ငန်းဆောင်ရွက်နေသူများ၏ လုပ်အားနှင့် အချိန်တို့ကိုသက်သာစေမည်ဖြစ်သဖြင့် ပိုမိုအရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့် ရှောက်မှုများဆောင်ရွက်ရန်အတွက် အချိန်ပိုမိုပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊

 

• အသံချဲ့စက်တပ်ဆင်ထားသော ဒရုန်းယာဉ်ပျံသည် အလွန်ကောင်းမွန်ပြီး ယခု COVID- 19 အတွက် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများတွင်သာမက အခြား ကျန်းမာ ရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများအတွက်ပါအသုံးချနိုင်မည် ဖြစ်ပါကြောင်း၊

• ထိုသို့ ဆန်းသစ်တီထွင်မှုများ ပြုလုပ်နိုင်ရန်အတွက် ပညာရှင်များအား အခွင့်အလမ်းများ ပေးအပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာနအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• ဆက်လက်၍လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဆေးရုံများတွင်သာမက အခြားသော ဝန်ကြီးဌာန၏ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်ချက်များနှင့် ကိုက်ညီသည့် အလိုအလျှောက် (autopilot) နှင့် အဝေးထိန်း (remote controlled) စက်ပစ္စည်းများနှင့် ဒရုန်းများကို ပညာရေးဝန်ကြီးဌာနမှ ဝယ်ယူသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများကို လက်ခံခဲ့ပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် အဝေးထိန်းပစ္စည်းသယ်ဆောင်စက် (remote controlled trolley) များ နှင့် အဝေးထိန်းပိုးသတ်သန့်စင်ဆေးဖြန်းစက် (remote controlled spray-cleaner) များအား စမ်းသပ်ပြသမှုများကိုကြည့်ရှုခဲ့ပြီး

အသံချဲ့စက်တပ်ဆင်ထားသည့် ဒရုန်း (speaker-delivery & monitoring drone)နှင့် အလိုအလျှောက် ပိုးသတ်သန့်စင်ဆေးဖြန်းဒရုန်း (autopilot sprayer drone) စမ်းသပ် ပျံသန်းပြမှုတို့ကို ကြည့်ရှုခဲ့ပါသည်။

 

     ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ် အဝေးထိန်းပစ္စည်းသယ်ဆောင်စက် (remote controlled trolley)၊ အဝေးထိန်းပိုးသတ်သန့်စင်ဆေးဖြန်းစက် (remote controlled spray-cleaner)၊ အသံချဲ့စက်တပ်ဆင်ထားသည့်ဒရုန်း (speaker-delivery & monitoring drone)နှင့် အလိုအလျှောက် ပိုးသတ်သန့်စင်ဆေးဖြန်းဒရုန်း (autopilot sprayer drone) တို့ကိုလည်းကောင်း၊

အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးနည်းပညာတက္ကသိုလ် (TUM) က အဝေးထိန်း ပစ္စည်းသယ်ဆောင်စက် (remote controlled trolley) ကိုလည်းကောင်း၊

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) က အဝေးထိန်းပစ္စည်းသယ်ဆောင်စက် (remote controlled trolley) ကို လည်းကောင်း၊

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုနည်းပညာ၊ လေ့ကျင့်သင်တန်းကျောင်း (SITE)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) တို့က အဝေးထိန်းပစ္စည်းသယ်ဆောင် စက် (remote controlled trolley) ကိုလည်းကောင်း၊

အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်က အလိုအလျှောက်ပစ္စည်း သယ်ဆောင်စက် (trolley robot TR 201) ကိုလည်းကောင်း၊

အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးနည်းပညာတက္ကသိုလ် (MTU) က အလိုအလျှောက်ပစ္စည်းသယ်ဆောင်စက် (trolley robot CR 201) ကိုလည်းကောင်း ဆန်းသစ်တီထွင်ခဲ့ပြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

 
 

More Tags