ပဲခူးမြို့နယ်တွင် Community Fever Clinic ဖွင့်လှစ်ကုသနိုင်ရေး ညိှနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးမြို့၊ ၂၀၂၀-ပြည့်နှစ် ဧပြီလ (၂၃) ရက်

     ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့်တိုင်းအတွင်းရှိ မြို့နယ်များတွင် Community Fever Clinic များ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၂) နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းမှ ဦးဆောင်၍ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးများ၊ ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထွေထွေရောဂါကုသမားတော်ကြီး၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ပဲခူးမြို့)မှ အတွင်းရေးမှူး၊ ပဲခူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

     အစည်းအဝေးတွင် COVID-19 ရောဂါကာကွယ်ကုသရေးအတွက် ပဲခူးမြို့နယ်တွင် မြန်မာနိုင်ငံဆရာဝန်အသင်း(ပဲခူးမြို့)မှ ဦးဆောင်၍ Community Fever Clinic ကို ပဲခူးမြို့တော်ခန်းမတွင် စတင်ဖွင့်လှစ်ရန် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် Community Fever Clinic တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းအင်အား၊ ဆေးခန်းဖွင့်လှစ်နိုင်မည့် နေ့ရက်၊ ဆေးခန်းဖွင့်မည့် အချိန်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဆေးခန်းမဖွင့်လှစ်မီ စေတနာ့ဝန်ထမ်းများ၊ ဆရာဝန်၊ သူနာပြုများအနေဖြင့် လူနာများအား ကုသစောင့်ရှောက်မှုပေးရာတွင် အန္တရာယ်ကင်းစွာ ကုသနိုင်ရေး ကြိုတင်သင်တန်းပေးခြင်း၊ သံသယလူနာတွေ့ရှိပါက ဆေးရုံသို့ လွှဲပြောင်း ပေးပို့ခြင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

More Tags