COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဝယ်ယူဖြန့်ဖြူးရေးကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်နေသူများအား ပြည်ထောင်စုဝန်ကြီး အသိအမှတ်ပြု အားပေးစကားပြောကြား

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဧပြီလ (၂၁) ရက်နေ့၊ နံနက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူဖြန့်ဖြူးရေးကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်နေသူများအား အသိအမှတ်ပြု အားပေးစကား ပြောကြားခဲ့ပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေစဉ်ကာလတွင် ကိုယ်တိုင်ရောဂါ ကူးစက်ခံရနိုင်ချေများရှိသော်လည်း အများပြည်သူရုံးပိတ်များပါမကျန် (၂၄) နာရီ ပတ်လုံး ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အစွမ်းကုန် ကြိုးပမ်း အားထုတ် ဆောင်ရွက်နေသည့် ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု ချီးကျူး ပါကြောင်း၊

• ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံးမှ နိုင်ငံတစ်ဝန်းလုံးရှိ ကျန်းမာရေးဝန်ထမ်းများသည် အရင်းအမြစ်များ အကန့်အသတ်ရှိနေသည့် ကြားမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပြည်သူများအတွက် အကျိုးပြုလိုစိတ်၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၏ ကျင့်ဝတ်များနှင့်အညီ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် နေကြရခြင်းဖြစ်ပါကြောင်း၊

 

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ၊ စက်ကိရိယာများ၊ ရောဂါကာကွယ်ရေးဝတ်စုံနှင့် အသုံးအဆောင်များကို ရရှိနိုင်ရေးအတွက် ကြိုးပမ်းဝယ်ယူမှု၊ တိုင်းဒေသကြီး/ ပြည်နယ်များ၊ ဆေးရုံများသို့ ပို့ဆောင်ဖြန့်ဖြူးမှုများလုပ်ဆောင်နေသူများအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် အားလုံးသည် လုပ်ငန်းအောင်မြင်စေလိုစိတ်များဖြင့် ဆောင်ရွက်ကြသည်ဖြစ်၍ နားလည်မှုလွဲမှားမှု၊ သဘောထားကွဲလွဲမှုများ လည်းရှိနိုင်ပါကြောင်း၊ ထိုသို့သော အခါများတွင် အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းဆောင် ရွက်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်များဖြင့်ဆောင်ရွက်စေလိုပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဝယ်ယူမှု၊ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ဆေး၊ ဆေးပစ္စည်း၊ စက်ကိရိယာ၊ ရောဂါကာကွယ်ရေးဝတ်စုံနှင့် အသုံးအဆောင်များ ပိုမိုရရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် ပိုမိုရရှိ သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊

• နိုင်ငံတော်မှလည်း ဆေးနှင့်ဆေးပစ္စည်း၊ စက်ကိရိယာပစ္စည်းများ ဝယ်ယူရရှိရေး
မြန်ဆန်စေရန်အတွက် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို အထူးအခြေအနေတစ်ရပ်အဖြစ် ဖြေလျှော့ ပေးခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး တို့က ဆေးနှင့်ဆေးပစ္စည်းဝယ်ယူဖြန့်ဖြူးရေးကဏ္ဍ ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသော အခက်အခဲများကို တင်ပြခဲ့ပါသည်။

More Tags