စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရမည့် အချက်များအား စစ်ဆေးခြင်းလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဧပြီလ (၂၀) ရက်နေ့၊ နံနက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) တွင် ပြုလုပ်ခဲ့သော အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရမည့် အချက်များအား စစ်ဆေးခြင်းလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါ သည်။

 

     ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက -

• စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများရှိ လုပ်ငန်းခွင်တွင် COVID-19 ကူးစက်ပြန့်ပွားမှုများ မရှိစေရေး ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများသည်အရေးကြီးပါကြောင်း၊

• ရောဂါလက္ခဏာမပြသဘဲ COVID-19 ရောဂါဖြစ်ပွားနေသူများလည်း ရှိနေသည်ဖြစ်၍ မိမိကိုယ်ကို ရောဂါကူးစက်မှုမခံရစေရေး လုပ်ဆောင်ရမည့်အချက်များကို လိုက်နာကျင့်သုံးရန်မှာ အဓိကဖြစ်ပါကြောင်း၊

• စက်ရုံ၊ အလုပ်ရုံများတွင် လူတစ်ဦးရောဂါဖြစ်ပွားရာမှ အခြားသူများထံသို့လည်းကောင်း၊ ထိုသို့ ကူးစက်ခံရသူများ၏ မိသားစုဝင်များ၊ အတူနေထိုင်သူများထံသို့လည်းကောင်း ထပ်ဆင့် ကူးစက်ပြန့်ပွားမှုများဖြစ်ပွားနိုင်ပါကြောင်း၊

• စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများတွင် ဆပ်ပြာနှင့် ရေကို အသုံးပြု လက်ဆေးရန် နေရာများကို မရှိမဖြစ်ထားရှိခြင်း၊ တစ်ဦးနှင့် တစ်ဦးနီးကပ်စွာ အလုပ်လုပ်ရသူများအနေဖြင့် နှားခေါင်းနှင့်ပါးစပ်စည်းကို မဖြစ်မနေတပ်ဆင်ခြင်း နှင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းတို့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူမှ တစ်ဆင့် ကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြား ပြသခြင်း တို့ကိုဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊

• စက်ရုံ၊ အလုပ်ရုံများတွင် COVID-19 ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေး အချက်အလက်များကိုလည်း အသံချဲ့စက်ငယ်များဖြင့် နေ့စဉ်၊ တစ်နေ့လျှင် (၂) ကြိမ်ခန့် အသိပေးနှိုးဆော်ရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊

• နိုင်ငံတစ်ဝန်းတွင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများစွာရှိသည်ဖြစ်၍ ဆေးဝါးထုတ်လုပ် ရေးစက်ရုံများ၊ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံများ စသည်ဖြင့် ဦးစားပေး သတ်မှတ်ထားသော စက်ရုံ၊ အလုပ်ရုံများကို စတင်စစ်ဆေးသွားရမည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးဌာနများရှိ ဝန်ထမ်းများအား အဖွဲ့များ ဖွဲ့စည်း တာဝန်ခွဲဝေ၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက -

• ယမန်နေ့က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို စစ်ဆေးမှုများ ပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ ယနေ့တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊

• စစ်ဆေးရာတွင် အသုံးပြုရန်အတွက် "Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့်အချက်များကို စစ်ဆေးခြင်းပုံစံ" ပြုစုထားရှိမှု တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား၊ ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းက -

• စက်ရုံ၊ အလုပ်ရုံများအား COVID-19 ကာကွယ်ရေးဆိုင်ရာ စစ်ဆေးမှုပြုလုပ်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ အဖွဲ့များ ဖွဲ့စည်းထားရှိမှု၊

• မြို့နယ်၊ နေရာအလိုက် စက်ရုံ၊ အလုပ်ရုံများအား အစီအစဉ်အလိုက် တစ်ခုပြီး တစ်ခု စစ်ဆေးနိုင်ရေးအတွက် မြေပုံများ ရေးဆွဲထားရှိမှု တို့ကို တင်ပြခဲ့ပါသည်။

 

     ထို့နောက် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါ သည်။

     အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့် အချက်များစစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံများတွင် အဖွဲ့ (၁၁) ဖွဲ့ဖြင့် (၂၀-၄-၂၀၂၀) ရက်နေ့တွင် စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

More Tags