ဟားခါးမြို့နယ်တွင် ကမ္ဘာ့သားဆက်ခြားနေ့ (World Contraception Day) အထိမ်းအမှတ် အသိပညာပေး လှုပ်ရှားမှုများ ဆောင်ရွက်

ဟားခါး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၂၆) ရက်

     ကမ္ဘာ့သားဆက်ခြားနေ့ (World Contraception Day) အထိမ်းအမှတ် အသိပညာပေးခြင်း လှုပ်ရှားမှုကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးပြည်သူ့ဆေးရုံကြီး Chapel ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အထိမ်းအမှတ်လှုပ်ရှားမှုတွင် ချင်းပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံ က အဖွင့်အမှာစကား ပြောကြားပါသည်။

 

     ထို့နောက် ဟားခါးပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာစန္ဒာထွန်း အထူးကုဆရာဝန်ကြီး(သားဖွား/မီးယပ်)က သားဆက်ခြားခြင်းဆိုင်ရာ အသိပညာပေးခြင်းကို မြန်မာဘာသာဖြင့်လည်းကောင်း၊ ဒေါက်တာ ဘွေကျင်းတီလ် လက်ထောက်ဆရာဝန် အထူးကု(သားဖွား/မီးယပ်) က သားဆက်ခြားခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ချင်းဘာသာဖြင့်လည်းကောင်း ဆောင်ရွက်ပြီး သားဆက်ခြားလိုသူများအား သားဆက်ခြားလိုသည့် နည်းလမ်းအတိုင်း နေ့စဉ်သောက် သားဆက်ခြားစားဆေး၊ သုံးလခံသားဆက်ခြားထိုးဆေး၊ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း၊ လက်မောင်းအရေပြားအောက်ထည့် သားဆက်ခြားပစ္စည်းများကို အခမဲ့ဆောင်ရွက်ပေးခြင်းနှင့် ကွန်ဒုံးများ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပါသည်။ ပညာပေးခြင်းအခမ်းအနားသို့ အမျိုးသား/အမျိုးသမီး (၁၈၀)ဦးကျော် တက်ရောက်ပြီး သားဆက်ခြားခြင်းဆောင်ရွက်သူ (၁၂၀)ဦးရှိပါသည်။ ချင်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်မှ သားဆက်ခြားဆောင်ရွက်နေမှုကို လာရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

More Tags