ရခိုင်ပြည်နယ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်တွင်း/ပြည်ပသတင်းမီဒီယာများ ပိုမိုသိရှိလာစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် (၂၀၁၈) ခုနှစ်၊ မတ်လ (၉) ရက်နေ့

     ရခိုင်ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်တွင်း/ပြည်ပသတင်းမီဒီယာများ ပိုမိုသိရှိလာစေရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ (၉) ရက်နေ့၊ ညနေပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အစည်းအဝေးခန်း၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြင့်ထွေးက လမ်းညွှန်အမှာစကားပြောကြားပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ ကျန်းမာရေးဆိုင်ရာအကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များနှင့် ဆောင်ရွက်ထားမှုအခြေအနေများ၊ ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာမည့်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းအပါအဝင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအသီးသီးကို ပြည်တွင်း/ပြည်ပသတင်းမီဒီယာများ၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အားလုံးကို သေချာစွာ မှတ်တမ်းတင်ထားရှိပြီး အထောက်အထားများ၊ အချက်အလက်များနှင့် မှတ်တမ်းဓာတ်ပုံများကို မြန်မာဘာသာနှင့်သာမက English ဘာသာဖြင့်လည်း ရေးသား၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) တွင် ထည့်သွင်းဖော်ပြရန်နှင့် ပြန်ကြားရေးဝန်ကြီးဌာနသို့လည်း ဆက်သွယ်ပေးပို့သွားရန်လိုအပ်ကြောင်း လမ်းညွှန်ပြောကြား ခဲ့ပါသည်။


 

     အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝေး/ကူးစက်) ဒေါက်တာသန်းထွန်းအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာသောင်းလှိုင်၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာထွန်းတင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags