ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့မှ 2019-Novel Coronavirus အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ကွင်းဆင်းကြီးကြပ်

မူဆယ်မြို့၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁) ရက်

     ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်၊ ပြည်နယ်ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့ ပါဝင်သောအဖွဲ့သည် (၁-၂-၂၀၂၀)မှ (၃-၂-၂၀၂၀) အတွင်း သိန်းနီ၊ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်များသို့ သွားရောက်ပြီး 2019-Novel Coronavirus အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

 

     (၁-၂-၂၀၂၀) နေ့တွင် သိန်းနီနှင့် ကွတ်ခိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးများသို့ သွားရောက်ပြီး တိုင်းရင်းသားခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ အရန်မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များ၊ သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားသော 2019-Novel Coronavirus အဆုတ်ရောင်ရောဂါအကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများ၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရောဂါကာကွယ်စောင့်ကြပ်ရေးလုပ်ငန်းများ၊ နယ်စပ်ဂိတ်များတွင် fever screening ဆောင်ရွက်နေမှုများ၊ ပညာပေးလုပ်ငန်းများနှင့် သတင်းပေးပို့မှုလုပ်ငန်းများအတွက် ဌာနဆိုင်ရာများနှင့် လူထုမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။

 

     ထို့နောက် ကွတ်ခိုင်ပြည်သူ့ဆေးရုံ အဆောက်အဦသစ်နှင့် isolation ward များသို့ ကွင်းဆင်းကြည့်ရှုပြီး မူဆယ်မြို့နယ်သို့ ဆက်လက်ထွက်ခွာကာ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့၊ ဆင်ဖြူ၊ နန်းတော်နှင့် မန့်ဝိန်း နယ်စပ်ဝင်ထွက်ဂိတ်များတွင် 2019-Novel Coronavirus အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ (၂-၂-၂၀၂၀) နေ့တွင် မူဆယ်မြို့နယ် မန်ဟီးရိုးနယ်စပ်ဂိတ်၊ နမ့်ခမ်းမြို့နယ် နောင်တိန်းနှင့် မန်ဟောင်းနယ်စပ်ဂိတ်များသို့ သွားရောက်ပြီး 2019-Novel Coronavirus အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

 

     ထို့နောက် နမ့်ခမ်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးတွင် 2019-Novel Coronavirus အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး ညနေတွင် မူဆယ်မြို့သို့ ပြန်လည်ထွက်ခွာကာ မူဆယ်မြို့ စိန်ရတနာဟော်တယ်တွင် ဟော်တယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး 2019-Novel Coronavirus အဆုတ်ရောင်ရောဂါ အကြောင်းနှင့် သံသယလူနာများ ရောက်ရှိက သတင်းပေးပို့နိုင်ရန် ဆွေးနွေးခဲ့ပါသည်။

     မူဆယ်မြို့ ရွှေလီရတနာခန်းမတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ အရန်မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များ၊ သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး 2019-Novel Coronavirus အဆုတ်ရောင်ရောဂါအကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများ၊ နယ်စပ်ဂိတ်များတွင် fever screening ပညာပေးလုပ်ငန်းများနှင့် သတင်းပေးပို့မှု လုပ်ငန်းများအတွက် ဌာနဆိုင်ရာများနှင့် လူထုမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။ (၃-၂-၂၀၂၀) နေ့တွင် မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းရှိ နယ်စပ်ဝင်ထွက်ဂိတ်သို့ သွားရောက်ပြီး 2019-Novel Coronavirus အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။ ထို့နောက် မူဆယ်မြို့ ဆေးရုံသစ်ကြီးသို့ ကွင်းဆင်းသွားရောက်လေ့လာပြီး ကွတ်ခိုင်မြို့သို့ ပြန်လည်ထွက်ခွာကာ ကွတ်ခိုင်Toll Gate နှင့် သိန်းနီရေပူဂိတ်များတွင် fever screening ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြီးကြပ်ခဲ့ပါသည်။

More Tags