နေပြည်တော်၊ မေလ ၇ ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မ တီဥက္ကဋ္ဌ၏ကိုယ်စား အရေးပေါ်ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် အမေရိကန်အခြေစိုက် Samaritan’s Purse International Relief ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲနှင့် အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်သူများသည် မန္တလေးငလျင်ကြီးတွင်သေဆုံးခဲ့သူများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တပ်ရပ်၍ တစ်မိနစ်ငြိမ်သက်စွာနေကြပါသည်။ ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားရာတွင် မန္တလေးငလျင်ကြီး ကြောင့် မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးရုံ ဆေးခန်းပေါင်း ၃၅၀ ကျော်ပျက်စီးခဲ့ရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး နိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုအကူအညီများအားဖိတ်ခေါ်ခဲ့ရာ နိုင်ငံ ပေါင်း ၁၇နိုင်ငံမှ အရေးပေါ်ဆေးအဖွဲ့ ၂၈ ဖွဲ့ လာရောက်ကူညီပေးခဲ့ပြီး Samaritan’s Purse International Relief လည်းအပါအဝင်ဖြစ်ပါကြောင်း၊ Samaritan’s Purse ဆေးအဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကျန်းမာရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရွှေကြာပင်အားကစားကွင်း၌ ဧပြီလ ၅ ရက်နေ့မှ စတင်၍ ယာယီဆေးရုံဖွင့်လှစ်ကာ ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပြင်ပလူနာအပါအဝင် လူနာစုစုပေါင်း ၅၀၀၀ ကျော်အား အရေးပေါ်ခွဲစိတ်ကုသခြင်းနှင့်ဆေးကုသခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းအပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု ၅၀၀၀ အတွက် ဆိုလာမီးများ၊ ရေသန့်စက်များ၊ အိမ်ထောင်စုသုံးပစ္စည်းများ အစရှိသည်တို့အား ထောက်ပံ့ပေးခဲ့ပါကြောင်း၊ Samaritan’s Purse အဖွဲ့သည် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးဌာနနနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ မိခင်နှင့် ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက် ခဲ့သည့် မှတ်တမ်းများရှိပါကြောင်း၊ Samaritan’s Purse အဖွဲ့သည်ရွှေကြာပင်အားကစားကွင်းရှိ အရေးပေါ်ဆေးကုမှုဆေးရုံအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုနှင့်အညီ ငလျင်ဒဏ်သင့်ဒေသများတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အချိန်နှင့် တပြေးညီဆောင်ရွက်ခဲ့သလို ပုံမှန်ကျန်းမာ ရေးစောင့်ရှောက်ရေးလုပ်ငန်းများ၊ ဒဏ်ရာရလူနာများပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း လစ်ဟင်းမှုမရှိအောင်အဖက်ဖက်မှ ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ဆက်လက်၍ ကူးစက်ရောဂါ ဖြစ်ပွားမှုများမရှိစေရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ Samaritan’s Purse International Relief အဖွဲ့မှ အဖွဲ့ခေါင်းဆောင် မစ္စတာဂျွန်မေလ်တန် နှင့် ဆေးရုံအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာပီတာဟော့ဇ်တို့မှ Samaritan’s Purse ဆေးအဖွဲ့၏ မြန်မာနိုင်ငံတွင်ငလျင်တုံ့ပြန်ရေးအရေးပေါ်ဆေးကုသရေးလုပ်ငန်းများဆောင် ရွက်ခဲ့မှုအခြေအနေများနှင့် အရေးပေါ်ဆေးရုံလွှဲပြောင်းပေးအပ်မည့်ကိစ္စရပ်များအားရှင်းလင်း ပြော ကြားရာတွင် ၎င်းတို့အဖွဲ့၏ အရေးပေါ်ဆေးကုသမှုလုပ်ငန်းများနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေး ကူညီဆောင်ရွက်ပေးခဲ့သည့် ဆေးဝန်ထမ်းညွှန်ကြား ရေးမှူးရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိများအားလည်းကောင်း၊ ပူးပေါင်းဆေးကုသမှု လုပ် ငန်းများဆောင်ရွက်ပေးခဲ့ကြသည့် ဆရာဝန်၊ သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် များအားလည်းကောင်း ကျေးဇူးတင်ရှိပါကြောင်း၊ ၎င်းတို့၏ဆေးကုသမှုလုပ်ငန်းဆိုင်ရာ အရည်အ သွေးနှင့်ကျွမ်းကျင်မှုများကိုလည်း အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံပြည်သူများအနေ ဖြင့် လျင်မြန်စွာပြန်လည်ထူထောင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြော ကြားခဲ့ပါသည်။
ထို့နောက် Samaritan’s Purse International Relief ဆေးအဖွဲ့မှ ရွှေကြာပင်အားကစားကွင်း ရှိအရေးပေါ်ဆေးရုံအား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စားအား ဂုဏ်ပြုမှတ်တမ်းတင် လွှာ နှင့် အမှတ်တရလက်ဆောင်များပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ Samaritan’s Purse ဆေးအဖွဲ့သားများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။
Samaritan’s Purse International Relief အဖွဲ့ အနေဖြင့် ဧပြီလ ၅ ရက်နေ့မှ မေလ ၆ ရက်နေ့အတွင်း ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်အားကစားကွင်းရှိ အရေးပေါ်ဆေးကုသမှုဆေးရုံတွင် ခွဲစိတ်ကုသမှုပေါင်း ၃၀၃ ခု၊ လူနာပေါင်း ၅၈၁၃ ဦး အားကုသမှုပေးခဲ့ပြီး ယခုလှူဒါန်းလွှဲပြောင်း ပေးခဲ့သောအရေးပေါ်ဆေးရုံတွင် အရေးပေါ်ဆေးကုသဆောင်၊ လူနာဆောင်များ၊ အရေးပေါ် ခွဲစိတ် ခန်းများ၊ ဆေးပေးခန်း၊ ဓါတ်ခွဲခန်း၊ ရေသန့်စင်စနစ်များပါဝင်ပြီးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁.၅)သန်းခန့်တန်ဖိုးရှိ ကြောင်းသိရှိရပါသည်။