နေပြည်တော်၊ မေလ ၆ ရက်
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း သည် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ လိုက်ပါ၍ (၆-၅-၂၀၂၅)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီး၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ ကလေးရောဂါအထူးကု ဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံများရှိ အုပ်ချုပ်မှုဆောင်၊ ဆေးကုသဆောင်၊ ဆေးရုံဝင်း အတွင်းရှိ အဆောက်အဦများ၊ ဆေးစတိုများ၊ ခွဲစိတ်ခန်းများ၏ ငလျင်ဒဏ်ခံခဲ့ရမှု အခြေအနေများအပေါ် ပြန်လည်ပြုပြင်ရေးများဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံအဆင့်များအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြင်ဆင်နိုင်ရေး၊ ပြင်ဆင်ပြီးနောက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေး၊ လူနာများ ဆေးရုံလာပြသည့်အခါ အဆင်ပြေချောမွေ့စေရေးအတွက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆေးရုံအဝင်လမ်းများ၊ ဆေးရုံပတ်လမ်းများ၊ စင်္ကြံများအား အမြန်ဆုံးပြင်ဆင်နိုင်ရေး တို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပါသည်။ ထို့ပြင် ကျန်းမာရေးဝန်ထမ်းများ၏ နေထိုင်စားသောက်ရေး အခြေအနေများ အဆင်ပြေချောမွေ့စေရေး အတွက် ဝန်ထမ်းသက်သာချောင်ချိရေး ကိစ္စများ ဆောင်ရွက်ပေးရန်၊ ငလျင်ဒဏ်ကြောင့် အိမ်ရာများထိခိုက်ခဲ့သည့် ဝန်ထမ်းများ အမိုးအကာ အောက် အမြန်ဆုံးရောက်ရှိစေရေးအတွက် ဘာရှာများ အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်ရေး၊ Container House များ ရရှိပါက သက်ဆိုင်ရာဝန်ထမ်းများအား အမြန်ဆုံးနေရာချထား ပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ် ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အမျိုးသားပရဆေး ဥယျာဉ်နှင့် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးတို့တွင် ငလျင်ဘေးသင့် ဝန်ထမ်းများ နေထိုင်ရေးအတွက် ဘာရှာများ ဆောက်လုပ်နေမှုအခြေအနေနှင့် Container House များ ထားရှိရန် နေရာများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် မန္တလေးငလျင်ကြီးဘေးခံစားခဲ့ရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် အထွေထွေ အသုံးပြုရန် ယနေ့(၆-၅-၂၀၂၅) ရက်တွင် မုန်းဝန်းဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ချုပ်မှ ငွေကျပ် သိန်းနှစ်ရာနှင့် Myanmar Japan Collaborative Project for People Development၊ ပါမောက္ခ Shigeru Okada မှငွေကျပ် သိန်းသုံးရာ့ငါးဆယ် လှူဒါန်းခြင်းကိုလည်းကောင်း၊ ယမန်နေ့ (၅-၅-၂၀၂၅) ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ငွေကျပ်သိန်းငါးဆယ် လှူဒါန်းခြင်းကိုလည်းကောင်း လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ အလှူငွေလက်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ကြောင်း သိရသည်။