04 May 25MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ဆေးတက္ကသိုလ်(၁)ရန်ကုန် ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများနေထိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ၂၀၂၅ ခုနှစ် မေလ ၃ ရက်

      ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ လျက် ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မော်ကွန်းတိုက်လမ်း၌ ဆောက်လုပ် ထားသည့် ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများ နေထိုင်ရန် RC (၅)ထပ် အိပ်ဆောင်အား လှည့်လည်ကြည့်ရှုပြီး ကျောင်းဖွင့်ချိန်တွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် အဆောင်များ အဆင်သင့်ဖြစ်စေရန်နှင့် အဆိုပါ အဆောင်၌ ကျောင်းသား/ကျောင်းသူများ နေရာချထားရေးအတွက် လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းပေးခဲ့ပါသည်။ အဆိုပါ အိပ်ဆောင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၂)က (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်မှ စတင်၍ နိုင်ငံတော်၏ရန်ပုံငွေကျပ် (၂.၈)ဘီလီယံကို အသုံးပြုဆောက်လုပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လတွင် ပြီးစီးခဲ့ကာ ကျောင်းသား/ ကျောင်းသူ (၂၅၀)ဦး ခန့်အား အဆင်ပြေချောမွေ့စွာ ထားရှိနိုင်မည်ဖြစ်ပါသည်။

                             

                            

      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး (၇)ထပ် ဆေးကုသ  ဆောင်သို့ ရောက်ရှိပြီး နှလုံးသွေးကြောချဲ့ကုသသည့်စက်အသစ် (Interventional Radiology (IR) X-ray) တပ်ဆင်ထားသည့် အခြေအနေကို ကြည့်ရှုကာ ခိုင်ခံ့မှုအား သေချာစွာအထပ်ထပ် စစ်ဆေးနိုင်ရေး မှာကြားပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် သွေးရောဂါအထူးကုဌာန တွင် ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုခံယူရန် ဆေးရုံတက်ရောက်နေသည့် သွေးရောဂါရှင်လူနာ (၂)ဦးအား ကြည့်ရှုအားပေး၍ အာဟာရပြည့်အစားအစာများနှင့်‌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါ သည်။

                              

                              

      ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Training Center ၌ ရန်ကုန်မြို့ရှိ ဗဟိုအဆင့်ဆေးရုံများ၊ ခုတင်(၂၀၀)နှင့် အထက် ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရက ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ရန်ပုံငွေများ ခွဲဝေထောက်ပံ့ပေးလျက်ရှိရာ အဆိုပါရန်ပုံငွေများကို လူနာများအတွက် အမှန်လိုအပ် သော ဆေးနှင့်ဆေးပစ္စည်းများ အကျိုးရှိစွာ ဝယ်ယူနိုင်ရေးအတွက် ဆေးရုံအုပ်ကြီးများနှင့် တာဝန်ခံအထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူနာများစိုက်ထုတ်သုံးစွဲရသော ကုန်ကျစရိတ် လျော့နည်းစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ရန်ပုံငွေကို အသုံးပြု၍ မရှိမဖြစ်လိုအပ်သော အရည်အသွေးကောင်းမွန်သည့် ဆေးနှင့်ဆေးပစ္စည်းများကို ဝယ်ယူထောက်ပံ့ပေးလျက်ရှိသည့် အတွက် အခြေခံမရှိမဖြစ် ဆေးဝါးများ၊ အရေးပေါ်ဆေးဝါးများ၊ ခွဲစိတ်ခန်းသုံးဆေးနှင့် ဆေးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ဆေးပစ္စည်းများကို ပြတ်လပ်မှုမရှိစေရအောင် စနစ်တကျစီမံခန့်ခွဲ ပေးကြရန် လိုပါကြောင်း၊ အရေးပေါ်ကုသမှုများ၊ ခွဲစိတ်ကုသမှု‌များ၊ ဓာတ်ခွဲစစ်ဆေးမှုများအတွက် ငွေကြေးကုန်ကျမှု မရှိစေရေး စီမံဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ဆေးရုံအတွင်း/အပြင် သန့်ရှင်းရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးကိုလည်း အလေးထားဆောင်ရွက် ကြရန် ဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်၊ အလုပ်သင်ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများ၊ စသည့်ကျန်းမာရေးဝန်ထမ်းများ စိတ်အေးချမ်းစွာ အလုပ်လုပ် ကိုင်နိုင်ရေးအတွက် အခြေခံလိုအပ်ချက် ဖြစ်သည့်အိမ်ရာများကို နိုင်ငံတော်အစိုးရမှ ဦးစားပေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် လူအများအစုလိုက်၊ အပြုံလိုက် ကုသမှုဆောင်ရွက်ပေးနိုင်ရေးအတွက် Mass Casualty Management Plan များကို ဆေးရုံအလိုက်ရေးဆွဲထားရှိရန်လိုအပ်ပြီး ဇာတ်တိုက်လေ့ကျင့်မှု (Drill)ကိုလည်း ဆေးရုံအလိုက် သေချာစွာဆောင်ရွက်ထားကြရန်ဖြစ်ပါကြောင်း၊ ကုသရေးလုပ်ငန်း များကို ပိုမိုတိုးတက် ကောင်းမွန် အောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း မှာကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါသည်။

                            

                             

More Tags