(သတင်းစာဆောင်းပါး၊ ၁၅-၄-၂၀၂၅ရက်)
ဒေါက်တာသန်းနိုင်စိုး
(၂၈-၄-၂၀၂၅) ရက်နေ့မွန်းလွဲပိုင်း ၁၂နာရီ ၅၁ မိနစ် ၀၂ စက္ကန့် တွင် အင်အားအလွန်ပြင်းထန် သည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးတို့တွင် အဆိုပါငလျင်ဘေးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပါသည်။ ထိုဒေသများတွင် နေအိမ်အဆောက်အအုံတိုက်တာများပြိုကျခြင်း၊ လျှပ်စစ် မီး၊ သောက်သုံးရေကဲ့သို့သော အခြေခံလိုအပ်ချက်များ ပြတ်တောက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။
အဆိုပါ ငလျင်ဘေးသင့်ဒေသများတွင် နေထိုင်သူအများစုသည်လည်း မိမိတို့၏ နေအိမ်များတွင် ဆက်လက်နေထိုင်ရန်မသင့်တော့သောကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခေတ္တလာ ရောက်နေထိုင်ခြင်းနှင့် မိမိတို့၏နေအိမ်ဝန်းကျင် မြေကွက်လပ်၊ အားကစားကွင်း၊ စာသင်ကျောင်း စသည့် နေရာများတွင် ယာယီနေထိုင်ခြင်းများဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့နေထိုင်သူများအနေဖြင့် ကျန်းမာရေးထိခိုက်မှုမရှိစေရန် လိုက်နာရမည့်အချက်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် “မြေငလျင်ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများတွင် ကျန်းမာရေးဆိုင်ရာသတိပြုရန်အချက်များ” ကို ဧပြီလ (၇)ရက်နေ့မှ စတင်၍ နိုင်ငံပိုင်သတင်းစာများနှင့် အင်တာနက်စာမျက်နှာများတွင် ထည့်သွင်းဖော်ပြပြီးဖြစ်ပါသည်။
ယာယီရွှေ့ပြောင်းနေထိုင်သူပြည်သူများအနေဖြင့် လတ်တလောအခြေအနေများအရ ကြုံ တွေ့ နိုင်သည့်အဓိကကျန်းမာရေး ပြဿနာများမှာ ကူးစက်ရောဂါများအန္တရာယ်၊ မြွေနှင့်အဆိပ်ရှိ သတ္တဝါများအန္တရာယ်နှင့် အပူဒဏ်အန္တရာယ်တို့ ဖြစ်ပါသည်။ ငလျင်ဘေးအန္တရာယ်ကျရောက်ပြီး နောက် ဖြစ်ပွားနိုင်ခြေများပြားသည့် ကူးစက်ရောဂါများမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မျက်စိနာ ရောဂါ၊ အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါများနှင့် ခြင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါတို့ ဖြစ်ပြီးမြွေနှင့် အဆိပ်ရှိသတ္တဝါတို့၏ အန္တရာယ်ကိုလည်း သတိပြု၍ ကာကွယ်ရမည်ဖြစ်ပါသည်။
ကူးစက်ရောဂါအန္တရာယ်မှ ကာကွယ်ရန် စားသောက်ဖွယ်ရာများကို ကိုယ်တိုင်ချက်ပြုတ် စားသောက်ရာတွင်လည်းကောင်း၊ အလှူရှင်များမှလာရောက်ဝေငှသော ထမင်းဘူးများနှင့် စားစရာများကို စားသောက်ရာတွင်လည်းကောင်း ပူပူနွေးနွေး ချက်ချင်းစားသောက်ရန် လိုအပ်ပါသည်။ အစား အစာများကို ထိုသို့ချက်ချင်းစားသုံးခြင်းမပြုဘဲ နေဖို့ညစာအဖြစ်သိုလှောင်သိမ်းဆည်းထားပါက ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုး စသည့် ရောဂါပိုးများ ပေါက်ပွားလာ၍ အစာအဆိပ်သင့်ခြင်း ဖြစ်ပွားပြီး အချိန်မီဆေးကုသမှုမရရှိပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။ အလှူရှင်များ အနေဖြင့်လည်း အစားအစာများကို လှူဒါန်းရာတွင် ချက်ပြုတ်ပြီးအစားအစာများကို လှူဒါန်းခြင်းမပြုဘဲ ပူပူနွေးနွေးချက်ပြုတ်စားသောက်နိုင်မည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥနှင့် ချက်ပြုတ်ရန် လတ်ဆတ်သော အသား၊ ငါး စသည်တို့ကို ပေးပို့လှူဒါန်းခြင်းများပြုလုပ်ရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာနက “အလှူရှင်များလိုက်နာရန် ပန်ကြားချက်”ကို ဧပြီ ၅ ရက်နေ့ မှစတင်၍ နိုင်ငံပိုင်မီဒီယာများနှင့် အင်တာနက်စာမျက်နှာများမှ ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ အဆိုပါ ပန်ကြားချက်တွင် အထက်ဖော်ပြပါ ပူပူနွေးနွေး ချက်ပြုတ်စားသောက်နိုင်မည့် အစားအသောက်များ ကို ပေးပို့လှူဒါန်းရာ၌ မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့ များမှတစ်ဆင့်သာ ပေးပို့လှူဒါန်းခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက် နေကြသော စီမံခန့်ခွဲမှုအဖွဲ့များထံသို့သာ လှူဒါန်းပေးရန် တိုက်တွန်းနှိုးဆော် ထားခြင်းဖြစ်ပြီး စခန်းအလိုက်တာဝန်ကျကျန်းမာရေး ဝန်ထမ်းများကလည်း လှူဒါန်းလာသည့် အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်စေရန် နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါသည်။
ဝမ်းလျှောဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ အသည်းရောင်အသားဝါအေနှင့်အီးရောဂါ စသည့် မသန့်ရှင်းသည့်အစားအစာနှင့်ရေမှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများမှကာကွယ်ရန်အတွက် ရိုးရှင်းလွယ်ကူထိရောက်ပြီး မဖြစ်မနေဆောင်ရွက်သင့်သည့် ကာကွယ်ရေးနည်းလမ်းမှာ အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့်ဟူသော သန့် (၄) သန့်ကို လိုက်နာဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ သန့်ရှင်းသည့် အစားအစာအား ရွေးချယ်စားသုံးရာတွင် ကျက်အောင်ချက်ပြုတ် ထားသည့် အစား အစာများကို ပူပူ နွေးနွေးစားသုံးရန် လိုအပ်သကဲ့သို့ ယင်နားစာ၊ စားသုံးချိန်ကျော်လွန်နေသည့်အစာ၊ သိုးနေသည့်အစာ စသည့် မသန့်ရှင်းသည့် အစားအစာများကိုစားသုံးခြင်းမှ ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
သန့်ရှင်းသောသောက်ရေကိုသာ သောက်သုံးရမည်ဖြစ်ပြီး သောက်သုံးရေသည် FDA အသိ အမှတ် ပြုသောက်ရေသန့် သို့မဟုတ် ရေသန့်စင်ဆေးပြား ခတ်ထားသောရေ ဖြစ်မှသာ သောက်သုံး ရန်သင့်ပါသည်။ ထို့အတူ အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင်လည်းကောင်း၊ ပန်းကန်ဆေးရေ စသည့် ရေသုံးစွဲရာတွင်လည်းကောင်း ရေသန့်စင်ဆေးပြား သို့မဟုတ် ကလိုရင်းဆေးမှုန့် (Bleaching Powder) ခတ်ထားသော ရေကိုသာ အသုံးပြုသင့်ပါသည်။
လက်သန့်စင်ရေးအတွက် အစားအသောက်မပြင်ဆင်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလိုလက်သန့်စင်ဆေးရည် အသုံးပြု၍ စနစ်တကျ လက်ဆေးရမည်ဖြစ်ပြီး လက်သည်းရှည်များညှပ်ခြင်း၊ ရေချိုးသန့်စင်ခြင်း စသည့် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အမြဲ သတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။
အညစ်အကြေးစွန့်ထုတ်ရာတွင် မိမိတို့နေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် အလေး၊ အပေါ့ သွားခြင်းနှင့် စားကြွင်းစားကျန်အမှိုက်သရိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းကြောင့် မိမိတို့နေထိုင်ရာနေရာတွင် ကျန်းမာရေးထိခိုက်နိုင်သည့် မကောင်း သည့်အနံ့အသက်များရခြင်း၊ စွန့်ပစ်ရာနေရာများတွင် ယင်ကောင်များ ပေါက်ပွားရာမှ ဝမ်းရောဂါ ကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် လုံးဝရှောင်ကြဉ်ရမည် ဖြစ်ပြီး ယာယီနေထိုင်ရာ နေရာများတွင် စနစ်တကျ ဆောက်လုပ်ပေးထားသည့် ယင်လုံအိမ်သာများ ကိုသာအသုံးပြုခြင်း နှင့် စားကြွင်းစားကျန်များနှင့် အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများတွင်သာ စနစ်တကျစွန့်ပစ်ခြင်းတို့ကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထို့အပြင် ယခုကဲ့သို့ သင်္ကြန်အကြိုကာလတွင် မိုးရွာလေ့ရှိပြီး ရာသီဥတုပူပြင်းမှုကြောင့် ကူးစက်မြန်မျက်စိနာရောဂါကဲ့သို့ ရောဂါများဖြစ်ပွားနိုင်ခြေများပြားသည်ကို သတိပြုရမည်ဖြစ်ပါ မည်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် ကူးစက်မြန်မျက်စိနာရောဂါသည် ယာယီစုပေါင်းနေထိုင်ရာ နေရာများ နှင့် စခန်းများတွင် တစ်ဦးမှတစ်ဦးအလွယ်တကူကူးစက်ပြန့်ပွားနိုင်ပါသည်။ ထို့ကြောင့် မျက်မှန်တပ်ဆင် သူများအနေဖြင့် မိမိမျက်မှန်သန့်ရှင်းစေရန်အတွက် မကြာခဏသန့်စင်ပေးရန် လိုအပ်ပြီး နေထိုင်ရာပတ်ဝန်းကျင်တွင် မျက်စိနာရောဂါဖြစ်ပွားသူရှိပါက ထိုသူ၏အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ၊ မျက်မှန် စသည့် အသုံးအဆောင်ပစ္စည်းများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း လုံးဝမပြုလုပ်ဘဲ ထိုသူ၏အဝတ်အစားများကို သီးသန့်လျှော်ဖွပ်သန့်စင်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ယာယီစုပေါင်းနေထိုင်ရာနေရာများတွင် ရာသီတုပ်ကွေးရောဂါနှင့် တီဘီရောဂါ ကဲ့သို့ အသက် ရှုလမ်းကြောင်းမှတစ်ဆင့်ကူးစက်သည့်ရောဂါများလည်း ကူးစက်ပြန့်ပွားနိုင်ပါသည်။ ထိုသို့ အသက်ရှု လမ်းကြောင်းဆိုင်ရာဂါများကူးစက်ဖြစ်ပွားခြင်းမရှိစေရန် အအေးမိခြင်း၊ ဖျားနာခြင်း၊ နှာချေ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်ပွားသည့်အခါတွင် အခြားသူများအား ထပ်မံကူးစက်ခြင်း မဖြစ်စေ ရန် မိမိဘာသာ သီးခြားခွဲ၍နေထိုင်ရန်လိုအပ်ပြီး နှာချေချောင်းဆိုးသည့်အခါတွင် ပါးစပ်နှင့် နှာခေါင်းကိုလုံအောင်အုပ်ရန်နှင့် အခြားသူများနှင့် ခပ်ခွာခွာနေရန်လိုအပ်ပါသည်။ နှစ်ပတ်ကြာ ချောင်းဆိုးခြင်း၊ ညနေပိုင်းတွင် အဖျားငွေ့ငွေ့ဖျားခြင်း၊ လည်ပင်းအကျိတ်များထွက်ခြင်း၊ ကိုယ်အ လေးချိန်များ ကျဆင်းလာခြင်းတို့ခံစားရပါက တီဘီရောဂါသံသယအဖြစ် အခြားသူများနှင့် သီးခြားခွဲ ၍နေထိုင်ပြီး ကျန်းမာရေးဌာနသို့အမြန်ဆုံး သွားရောက်ပြသ၍ ရောဂါရှာဖွေကုသမှု ခံယူရမည် ဖြစ်ပါသည်။
မိုးရွာသည့်အချိန် သို့မဟုတ် နံနက်ပိုင်း အအေးပိုလာချိန်တွင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါစသည့် နာတာရှည်ရောဂါအခံရှိသူများအနေဖြင့် လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြော ပိတ်ခြင်းတို့စသည်တို ဖြစ်ပွားနိုင်ပြီး အသက်အရွယ်ကြီးရင့်သူများနှင့် အသက်ငါးနှစ်အောက် ကလေး ငယ်များတွင် အအေးမိဖျားနာခြင်း၊ အဆုတ်အအေးမိရောင်ရမ်းခြင်းတို့ဖြစ်ပွားနိုင်၍ အအေးမမိစေရန် သတိပြုရမည်ဖြစ်ပါသည်။
ယာယီရွက်ဖျင်တဲများနှင့် ယာယီနေထိုင်ရာနေရာများတွင် ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါစသည့် ခြင်မှတစ်ဆင့်ကူးစက်သည့်ရောဂါများနှင့် ခြင်၊ မှက် ကိုက်ခြင်း ကြောင့် အရေပြားပေါ်တွင်ယားယံသည့်အဖုများနှင့် ယားနာများဖြစ်ပွားနိုင်ပါသည်။ သို့ဖြစ်၍ ခြင်ကိုက်ခံ ရမှုမှ ကာကွယ်နိုင်ရန် ခြင်ထောင် သို့မဟုတ် ဆေးစိမ်ခြင်ထောင် ဖြင့်သာ အိပ်စက်ရန်ဖြစ်ပြီး နေထိုင်ရာအနီးတဝိုက်ရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းနှင့် အဘိတ်ကဲ့သို့ ခြင်ကျားပိုးလောက်လမ်းသေဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
ယာယီစခန်းများ၌နေထိုင်ရာတွင် မြွေနှင့်အခြားအဆိပ်ရှိ တွင်းအောင်းသတ္တဝါများသည် မြေ ငလျင်ဖြစ်ပွားစဉ် မြေသားလှုပ်ရှားမှုကြောင့် မြေကြီးအတွင်းမှထွက်လာ၍ ယာယီတဲများအတွင်းသို့ ဝင်ရောက်နိုင်သဖြင့် မြွေ စသည့် အဆိပ်ရှိသတ္တဝါများအန္တရာယ်ကို အထူးသတိပြု၍ ယာယီတဲများကို အောက်ခြေလုံခြုံရန်သတိပြုရမည် ဖြစ်ပါသည်။ တဲအနီးတဝိုက်တွင် ဆိုလာမီး/ လျှပ်စစ်မီး စသည့် အလင်းရောင်အားကောင်းမွန်သည့် မီးထွန်းရန်လိုအပ်ပြီး ညအခါ သွားလာရာတွင် မီးအိမ်၊ လက်နှိပ်ဓာတ်မီးအသုံးပြုရန်လိုအပ်ပြီး မြွေဆိုးပေါများသည့်ဒေသတွင် လည်ရှည်ဖိနပ်နှင့် တုတ်ရှည်ကိုပါ အသုံးပြုသွားလာရန်လိုအပ်ပါသည်။
လက်ရှိအချိန်သည် အပူဒဏ်နှင့်ခရမ်းလွန်ရောင်ခြည်မြင့်မားသည့် နွေရာသီကာလဖြစ်၍ ရွက်ဖျင်တဲများအတွင်းနေထိုင်သူများ၊ အရိပ်ရအပင်နည်းပါးသည့်နေရာများတွင် နေထိုင်သူများ အနေ ဖြင့် အပူဒဏ်ကို သတိပြုရန်အထူးအရေးကြီးပါသည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ အနေဖြင့် နေ့လယ်နေ့ခင်းပူပြင်းသည့် အချိန် တွင် အရိပ်ရအေးမြ၍လေဝင်လေထွက် ကောင်းသောနေရာများတွင်သာ နားနေရမည်ဖြစ်ပြီး အလင်း ပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင် သင့်ပါသည်။ ပူပြင်းသည့် နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး အရက်သေစာသောက်သုံးခြင်းသည် အပူဒဏ်အန္တရာယ်ကို ပိုမို ခံစားရနိုင်သောကြောင့် ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ အပူဒဏ်ကြောင့် ခန္ဓာကိုယ်အတွင်းမှ ရေနှင့် ဓါတ်ဆားဓါတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ချွေးထွက်များပါက ရေနှင့် ဓါတ်ဆားရည်ကို အလုံ အလောက်ပြန်လည်သောက်သုံးရန်နှင့် မိတ်ဖု သို့မဟုတ် အယားဖုများထွက်ပါက ရေအေးဝတ် ကပ်ခြင်း၊ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြင်းတို့ကို ပြုလုပ်သင့်ပါသည်။ သွေးတိုးရောဂါအခံရှိသူများ အနေဖြင့် အဓိကအားဖြင့် ရေကိုသောက်သုံးသင့်ပြီး ချွေးထွက်များ၍ ဓါတ်ဆား ရည်သောက်သုံးပါက ချိန်ဆ၍သောက်သုံးရမည် ဖြစ်ပါသည်။
အထက်ပါအချက်များအပြင် ငလျင်ဘေးသင့်ရာဒေသများတွင် ငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်ခြင်းများ ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ပျက်စီးနေသော အဆောက် အအုံများ၊ ကြံ့ခိုင်မှုစစ်ဆေးထားခြင်းမရှိသည့် အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခြင်းကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။
ငလျင်ဘေးသင့်ဒေသများမှပြည်သူများအနေဖြင့် ငလျင်ဘေးကို ကိုယ်တွေ့ခံစားရခြင်း၊ အသက်အိုးအိမ်စည်းစိမ်များပျက်စီးခြင်း၊ မိသားစုဝင်များဆုံးရှုံးရခြင်းနှင့် ယာယီနေထိုင်ရာနေရာများ သို့ရွှေ့ပြောင်းနေထိုင်ရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများခံစားရနိုင်ပါသည်။ ထိုသို့ခံစားရ ခြင်းများသည် ရေရှည်တွင်စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်၍ စိတ်ဓာတ်ကြံ့ခိုင် ကျန်းမာနေစေရန် အစဉ်အမြဲ သတိပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။ ငလျင်ဘေးကဲ့သို့ သဘာဝဘေးများသည် ကြိုတင် ခန့်မှန်းရန်ခက်ခဲပြီးသဘာဝဖြစ်စဉ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘေးအန္တရာယ်ခံစားရချိန်တွင် မိမိစိတ် တွင် ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်းစသည့် ခံစားချက်များ ဖြစ်ပေါ်တတ်သည့်သဘာဝရှိ၍ ၎င်းတို့ကို အရှိကိုအရှိအတိုင်း လက်ခံရမည်ဖြစ်ပါသည်။ မိမိတွင်ခံစားရသည့်အချက်များကို မိမိတစ်ဦးတည်း ကြိတ်မှိတ်၍ခံစားခြင်း မပြုဘဲ မိမိယုံကြည်ရသူများနှင့် စကားပြောပြီး အတွေ့အကြုံမျှဝေပေးခြင်း အားဖြင့် စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါသည်။ နိုင်ငံပိုင်မီဒီယာများနှင့် မှန်ကန်သည့် သတင်းအရင်း အမြစ်များမှ သတင်းများကိုသာယုံကြည်ရမည်ဖြစ်ပြီး ကောလဟာလနှင့် အခြေအမြစ်မရှိသည့် ငလျင် သတင်းများအား ယုံကြည်၍စိတ်ခြောက်ခြားခြင်းမဖြစ်စေရန်လိုအပ်ပါသည်။ မိမိ၏ ကိုယ်၏ ကျန်းမာ ရေးနှင့် စိတ်၏ကျန်းမာရေးတို့သည် ဆက်စပ်နေ၍ အထက်တွင်ဖော်ပြခဲ့သည့် ကျန်းမာရေးဆိုင်ရာ သတိပြုရန်အချက်များကို လိုက်နာပြီး အာဟာရပြည့်ဝစွာစားသောက်ရန်နှင့် အိပ်ရေးပျက်မခံရန် လိုအပ်ပါသည်။ တတ်နိုင်သ၍ အခြားသူများကိုကူညီခြင်း၊ လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်၍ အခြားသူများနှင့် အတူတာဝန်ထမ်းဆောင်ခြင်းဖြင့် စိတ်ဓာတ်အင်အား ရရှိစေပါသည်။ စိုးရိမ်မှု၊ ကြောက်ရမှု သို့မဟုတ် ဝမ်းနည်းမှုများ ကာလတာရှည် ခံစားရပါက စိတ်ကျန်းမာရေးကျွမ်းကျင်သူ သို့မဟုတ် စိတ်ရောဂါအထူးကု ဆရာဝန်ထံ ပြသ၍ အကြံဉာဏ်ရယူသင့်ပြီး လိုအပ်ပါက ဆေးကုသမှုခံယူရမည်ဖြစ်ပါသည်။
အထက်တွင်ဖော်ပြခဲ့သည့် ငလျင်ဘေးဖြစ်ပွားစဉ်ကာလအတွင်း ကိုယ်၏ကျန်းမာရေး၊ စိတ်၏ ကျန်းမာရေး ဆိုင်ရာအကြံပြုချက်များကို ကိုယ်တိုင်သိရှိလိုက်နာပြီး မိမိမှတစ်ဆင့် မိမိ၏ မိသားစုဝင်များ၊ မိတ်ဆွေသင်္ဂဟများနှင့် လုပ်ဖော်ကိုင်ဖက်များကို ဆက်လက်မျှဝေပေးရန် လိုအပ် ပါသည်။ နေထိုင်မကောင်းခြင်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါကလည်း နီးစပ်ရာ ကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ငလျင် ဘေးသင့်ဒေသများတွင် ဒေသအလိုက်တာဝန်ပေးအပ်ထားသည့် စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး များထံ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူရန်လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။