01 Feb 25MOHSAdmin3

ကျန်းမာရေးဝန်ကြီးဌာန သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)(၁၉၉)ဦးအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

      ကျန်းမာရေးဝန်ကြီးဌာန သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်း အဝေးခန်းမတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

                             

     အဆိုပါအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆိုင်ရာဆေးကောင်စီဥက္ကဌ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသော သွားနှင်ခံတွင်းဆရာဝန် (သစ်လွင်)များ တက်ရောက်ခဲ့ပါ သည်။

                             

   ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ကျန်းမာရေးဝန်ကြီးဌာနအတွက်  အားသစ်လောင်းပွဲအဖြစ်သာမက နိုင်ငံတော်နှင့် ပြည်သူများအတွက် အလွန်ပင်အကျိုးရှိသောနေ့တစ်နေ့ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ပံ့ပိုးမှုနှင့်အတူ ပြည်သူ လူထု ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို မျက်ခြေမပြတ်လေ့လာသုံးသပ်၍ လုပ်ငန်းစီမံချက်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ကာလတို/ကာလလတ်/ကာလရှည် ဦးတည်ချက်များချမှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များကို စွမ်းရည်မြှင့်တင်ခြင်း၊ ဆေးရုံသုံးစက်ပစ္စည်း ကိရိယာများကို အဆင့်မြှင့်တင်မှုပြုလုပ်ခြင်း၊ လိုအပ်သည့်စက်ပစ္စည်းများကို အသစ်တပ်ဆင်ခြင်း၊ ဆေးရုံများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ဆေးရုံအင်္ဂါရပ်များနှင့်ညီညွတ်စေရေး၊ လိုအပ်ချက်ရှိသည့်ဆေးရုံများတွင် လူနာဆောင်များ တိုးချဲ့တည်ဆောက်ရေး စသည့်လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ၏ လမ်းညွန်ပံ့ပိုးမှုများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုထားသော စက်ပစ္စည်းကိရိယာများကိုလည်း ပြည်သူ့ဆေးရုံများတွင် တပ်ဆင်ပေးထားပါကြောင်း၊ စနစ် တကျကိုင်တွယ်အသုံးပြုတတ်စေရန် လိုအပ်သော လေ့ကျင့်သင်ကြားမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လူထုဆက်ဆံရေးနှင့်ပတ်သက်၍ အလေးအနက်ထား ပြုမူဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူ့ဆေးရုံများသည် လူတန်းစားမရွေး အများပြည်သူအား ဆေးကုသမှုပိုင်းဆိုင်ရာဝန်ဆောင်မှုများပေးသည့် ဌာနများဖြစ်ရာ အများပြည်သူ စိတ်ချမ်းမြေ့စွာ ဆေးဝါးကုသမှုခံယူနိုင်ရန် အရေးကြီးပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကဏ္ဍမှာလည်း သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုသည် အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအား သွားနှင့်ခံတွင်းကျန်းမာရေးမြှင့်တင်နိုင်ရေး မူဝါဒများ ချမှတ်လုပ်ဆောင်လျက်ရှိသည်ကို အသိပေးပြောကြားလိုကြောင်း၊ သမားဂုဏ်၊ ဆေးပညာကျင့်ဝတ်များကိုအခြေပြုကာ ပြည်သူလူထုကို ဦးထိပ်ထားပြီး ဝန်ဆောင်မှုများပေးနိုင်ရန် လိုအပ်ပါကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး သမားဂုဏ်၊ ဆေးပညာကျင့်ဝတ်တို့နဲ့အညီ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အာရုံစူးစိုက်၍ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့မှစပြီး နိုင်ငံ့ဝန်ထမ်းတာဝန်များ စတင် ထမ်းဆောင်ပြီဖြစ်၍ ရင့်ကျက်ကြရန်၊ တည်ငြိမ်ကြရန်၊ အရာရာကို ကျယ်ပြန့်သည့်အမြင်နှင့် ကြည့်ရှုဆင်ခြင်ကြရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းဖြစ်လာ  ကြသည့်အလျောက် နိုင်ငံ့ဝန်ထမ်းတစ်ဦးလိုက်နာကြရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ကျင့်ဝတ်များကို သိရှိလိုက်နာစောင့်ထိန်းကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်းတစ်ဦး၏ ရပိုင်ခွင့်များ၊ အခွင့်အရေးနှင့် အခွင့်အလမ်းများ ရှိလာမည်ဖြစ်သကဲ့သို့  ကျွဲကူးရေပါဆိုသလို နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံရမှုများရှိလာ မည်ပါဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ပြုမူနေထိုင်ကြခြင်းသည် နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေဖြင့်သာမက နိုင်ငံသားတစ်ဦးအနေဖြင့်ပါ ဘေးကင်းရန်ကွာ စိတ်ချမ်းသာကြရမည့် နည်းလမ်း ပင်ဖြစ်ပါကြောင်း၊ မိမိတို့၏ Professional အရ ပေးအပ်လာသည့် တာဝန်များကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံ့ဝန်ထမ်းဆရာဝန်တစ်ဦး၏ ဘဝအနေဖြင့် အောင်မြင် ရာအောင်မြင်ကြောင်း နည်းလမ်းဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

                              

          ဆက်လက်၍  မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ပိုင်စိုးက အမှာစကားပြောကြားရာတွင် သွားနှင့်ခံတွင်း သစ်လွင်ဆရာဝန်များအနေဖြင့် ဝန်ထမ်းစည်းကမ်းနှင့် ဆရာဝန်ကျင့်ဝတ်သိက္ခာတို့ကို သေချာစောင့်ထိန်း၍ လူနာများအား ဆေးကုသမှုကို အဂတိကင်းစွာ ဆောင်ရွက်ပေးစေလိုကြောင်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီဥပဒေများမှ အရေးပါသည့် အချက်အလက်များကို လိုက်နာဆောင်ရွက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

                              

      ထို့နောက် ပြည်ထောင်စုဝန်ကြီးက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ကိုယ်စားလှယ်(၁)ဦးနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)မှ ကိုယ်စားလှယ်(၁)ဦး တို့အား နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိ ခန့်အပ်လွှာများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

                              

     ယနေ့အခမ်းအနားတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ (၁၀၈)ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)မှ (၉၁)ဦး၊ စုစုပေါင်း (၁၉၉)ဦးအား ပြန်တမ်းဝင် အရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်မှ ယနေ့ အထိ သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်) (၃၃၀)ဦး၊ ဆရာဝန်(သစ်လွင်) (၁၃၀၁)ဦး၊ သူနာပြု (၄၆၅၇)ဦး၊ သားဖွားဆရာမ (၈၄၃)ဦးနှင့်ဆေးဘက်ဆိုင်ရာကျွမ်းကျင် (၃၁၉၉)ဦးတို့အား ခန့်အပ်တာဝန်ပေးခဲ့ပြီးဖြစ်ပါသည်။

 
 

More Tags