ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး(၂/၂၀၂၄) ကျင်းပ

နေပြည်တော် ဧပြီလ ၁၀ ရက်

      ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားသူများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

    ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ စနစ်တကျတိုးတက်ဖြစ်ထွန်းစေရေးအတွက် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးများအား ပုံမှန်ကျင်းပလျက်ရှိရာ ယနေ့ကျင်းပပြုလုပ်သည့် ဗဟိုအဖွဲ့ အစည်းအဝေးမှာ (၂၀၂၄)ခုနှစ်အတွင်း ဒုတိယအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအား နိုင်ငံတော်မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အားဖြည့် ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ တည်ထောင်ဖွင့်လှစ်နိုင်ရေး ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် စဉ်ဆက်မပြတ် ထိန်းကျောင်းကြပ်မတ်လျက်ရှိပါကြောင်း၊ လိုင်စင်စည်းကမ်း ချက်များကို လိုက်နာရန်ပျက်ကွက်သည့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ အ‌ရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ဝန်ဆောင်မှုပေးနေသော ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူများ သက်တမ်းရှိ သတ်မှတ်လိုင်စင်ရှိစေရေး၊ တည်ဆဲဥပဒေများနှင့် ငြိစွန်းထားသူများ မဖြစ်စေ‌ရေးတို့အတွက် မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆိုင်ရာဆေးကောင်စီနှင့် မြန်မာနိုင်ငံသူနာပြု နှင့်သားဖွားကောင်စီများနှင့် ချိတ်ဆက်စိစစ်လျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်များ မှန်ကန်စွာ အသုံးချနိုင်ရေးအတွက် မူဝါဒများ ချမှတ်ပေးလျက် ရှိပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများမှ လိုင်စင် (အသစ်)နှင့် လိုင်စင်(သက်တမ်းတိုး) လျှောက်ထား လာခြင်းအား ဗဟိုအဖွဲ့အနေဖြင့် လူနာများ ဘေးကင်းလုံခြုံရေး၊ အဆောက်အဦနှင့် ယာဉ်ရပ်နားရန် အတွက် လုံလောက်သောနေရာ အကျယ်အဝန်းရှိစေရေး၊ သဘာဝဘေးအန္တရာယ်များ၊ မီးဘေးအန္တရာယ်စသည့် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး အစီအမံများဆောင်ရွက် ထားရှိရေး၊ ဆေးရုံ၏စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ဘေးအန္တရာယ်မရှိစေရေး စသည့် အချက်များအား အလေးထားစိစစ်ပြီး ပြီးပြည့်စုံပါက အမြန်ဆုံးခွင့်ပြုပေးလျက်ရှိကြောင်း၊ လူနာများအတွက် သင့်တင်သောဈေးနှုန်းဖြင့် ဝန်ဆောင်မှု ရရှိရေး ထိန်းကျောင်းပေးလျက် ရှိကြောင်း၊ လိုအပ်သော အထူးကုသမှုများအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်မှလည်း ပူးပေါင်းလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ မရှိမဖြစ် ဆေးဝါးများ စျေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေး၊ ဆေးဝါးများ စျေးနှုန်းတည်ငြိမ်မှု ရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက် လျက်ရှိပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိကဆေးရုံ(၂၈၇)ခု၊ သားဖွားခန်း(၄၁)ခု၊ အထူးဓာတ်ခွဲ(၇၅)ခု၊ အထူးဓာတ်မှန်(၁၈)ခု၊ သူနာပြုစုရေးဂေဟာ(၄)ခု၊ နယ်လှည့်ကျန်းမာရေးလုပ်ငန်း(၈)ခု၊ ကျန်းမာရေးအကျိုးဆောင်လုပ်ငန်း (၁၉)ခု၊ အထွေထွေ ကျန်းမာရေးလုပ်ငန်း(၁၉) ခု ခွင့်ပြုပေးခဲ့ပြီး မြေပြင်တွင်လုပ်ငန်းလိုင်စင်မရှိသော လုပ်ငန်းများ လိုင်စင်လျှောက်ထားစေရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၂၁)ခုနှစ်မှ (၂၀၂၃)ခုနှစ်အထိ လိုင်စင်စည်းကမ်းများကို လိုက်နာမှုမရှိ၍ စီမံခန့်ခွဲရေး နည်းလမ်း အရ အရေးယူထားသော လုပ်ငန်းပေါင်း (၃၁)ခု၊ အမှုရေးဖွင့်သောလုပ်ငန်းပေါင်း (၆)ခု ရှိကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေးအတွက် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် ကောင်းမွန်သောအကြံပြု ချက်များ ပေးကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

     ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများတိုးတက်ဖြစ်ထွန်းမှု အခြေအနေနှင့် အထူးကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒေါက်တာမိုးခိုင်က ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင် (အသစ်) လျှောက်ထားလာသည့် ကိစ္စရပ်များကိုလည်းကောင်း တင်ပြကြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

More Tags