COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွင် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီနိုင်ပါရန် မေတ္တာရပ်ခံခြင်း (13-7-2021)


၁။ ယခုအခါ နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ တတိယလှိုင်းအဖြစ် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါ သံသယလူနာနှင့် COVID-19 ရောဂါ ပိုးတွေ့လူနာ များပြားလျက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများအပေါ် စေတနာအပြည့်အဝထားကာ အထူးကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

၂။ သို့သော် အချို့ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပျက်ကွက်နေ၍ လူအင်အားမပြည့်စုံခြင်းနှင့် အလွန်ကူးစက်မြန်သော ဗိုင်းရပ်စ်ကူးစက်နေခြင်းတို့ကြောင့် ဝန်နှင့်အားမမျှဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်မှုနှင့်ကုသရေးတွင် အခက်အခဲများ ကြုံတွေ့လျက်ရှိပါ သည်။

၃။ သို့ပါ၍ အများပြည်သူအကျိုးငှာ ပြည်သူ့ဆေးရုံများ၊ COVID-19 ရောဂါကုသရေးဌာနများ၊ အသွားအလာကန့်သတ်ထားရှိသောနေရာများတွင် လိုအပ်လျက်ရှိသော အောက်ဖော်ပြပါ လုပ်ငန်းအလိုက် မိမိဆန္ဒအလျှောက် တာဝန်ထမ်းဆောင်လိုသူများရှိပါက ပူးပေါင်းကူညီနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-

(က) COVID-19 ရောဂါကုသရေးလုပ်ငန်း- ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ပညာရှင်

(ခ) ဆေးရုံသုံးပစ္စည်းကိရိယာများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း- ဆေးဘက် ဆိုင်ရာအင်ဂျင်နီယာ

(ဂ) လူနာသတင်းအချက်စီမံခန့်ခွဲမှုလုပ်ငန်း- သတင်းအချက်အလက်နည်းပညာ ကျွမ်းကျင်သူ

(ဃ) လူနာလွှဲပြောင်းပေးပို့ခြင်းလုပ်ငန်း

(င) COVID-19 ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း- ကာကွယ်ဆေးထိုးသူများနှင့်ပတ်သက်၍ သတင်းအချက်အလက် မှတ်တမ်းစာရင်းသွင်းခြင်း ကွန်ပျူတာကျွမ်းကျင်သူများ၊ Data Assistants များ

၄။ စိတ်ပါဝင်စားသူ တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန Call Center (၀၆၇-၃၄၁၁၅၀၈, ၀၆၇-၃၄၁၁၅၀၉, ၀၆၇-၃၄၁၁၁၄၄) သို့ သတင်းပေးပို့ဆက်သွယ်နိုင်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်ရှိသည့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနများနှင့် ဆေးရုံအုပ်ကြီးရုံးများသို့ ဆက်လက် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ စားသောက်နေထိုင်ရေး၊ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်း လိုအပ်ချက်နှင့် လူနာလွှဲပြောင်းပေးပို့ခြင်းတွင် စက်သုံးဆီလိုအပ်ချက်အတွက် တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၅။ မိမိမိသားစုနှင့် ပတ်ဝန်းကျင်မိတ်ဆွေများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသူများရှိပါကလည်း COVID-19 ရောဂါကုသရေးဌာနများတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး မိဘပြည်သူများအနေဖြင့် တိုက်တွန်းပေးပါရန် နှိုးဆော်အပ်ပါသည်။

More Tags