တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ (30-1-2021)

နေပြည်တော်၊ ဇန်နဝါရီ (၃၀)

     အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် တတိယအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေး တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ထမင်းစား ခန်းမဆောင်၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ဆက်လက် ထိုးနှံပေးကြသည်။

     ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးကြရာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား နံနက် ၉ နာရီတွင် လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအား မွန်းလွဲ ၁ နာရီတွင် လည်းကောင်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးကြသည်။

     ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက လွှတ်တော်ကိုယ်စားလှယ်များအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာခြင်းစသည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကြသည်။

     ယနေ့တွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀) ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅၆) ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံပေးခြင်းဖြစ်သည်။

     ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံခဲ့ကြသူများအနေဖြင့် ပထမအကြိမ် ဆေးထိုးပြီးနောက် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံကြရမည် ဖြစ်ကြောင်း သိရသည်။

#သတင်း-မျိုးမင်းနိုင်၊ ဓာတ်ပုံ- ကိုကြီးထိန်(MNA)

#Source From; MOI

 

 
 
 

More Tags