ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံ

တောင်ကြီး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်

      ပြည်သူလူထုအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၂၇ ရက်နေ့မှစတင်၍ ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီလ ၂၈ရက်နေ့ နံနက်ပိုင်းမှစတင်၍ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီး၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့တွင် စုရပ်များသတ်မှတ်၍ ထိုးနှံပေးလျက်ရှိပြီး ပထမအကြိမ်ကာကွယ် ဆေးထိုးနှံပြီးသူများကို (၂၈)ရက်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ပါသည်။ ဆက်လက်၍လည်း သတ်မှတ်ထားသည့် အုပ်စုများအား ဦးစားပေးအစီအစဉ်အတိုင်း COVID-19 ရောဂါကာကွယ်ဆေးအား ထိုးနှံသွားမည်ဖြစ်ပါသည်။


 
 
 

     အဆိုပါဆေးထိုးစုရပ်များသို့ ရှမ်းပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒု-ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့ ဦးဆောင်သောအဖွဲ့မှ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ် (၂၁) မြို့နယ်တွင်လည်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးများမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါသည်။

 
 

More Tags