Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) စတင်ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၂၇

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများအား သားဖွားသင်တန်းကျောင်း (နေပြည်တော်)၌ အိန္ဒိယနိုင်ငံမှ ထောက်ပံ့သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) စတင် ထိုးနှံပေးနေမှုကို သွားရောက် ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။

     နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့နံနက် ၁၁ နာရီတွင် သားဖွားသင်တန်း ကျောင်း(နေပြည်တော်)သို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များ၊ ကာကွယ်ဆေးထိုးရန် မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်သတင်းပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

     ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးနေမှုကို ကြည့်ရှုရာ ပါမောက္ခ ဒေါက်တာကျော်ကျော်ဉီး က ကာကွယ်ဆေးထိုးနှံသည့် နေရာများတွင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

     ထိုသို့ ကြည့်ရှုစဉ် လာရောက်သတင်းရယူကြသည့် သတင်းမီဒီယာများက ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံမှုနှင့်စပ်လျဉ်းပြီး ပြည်သူသို့ အသိပေး ပြောကြား လိုသည့် အချက် များကို မေးမြန်းရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ရောက်ရှိပြီ ဆိုသော်လည်း ချက်ချင်းအားလုံး ရောက်လာမည် မဟုတ်ပါကြောင်း၊ ယခုအနေအထားတွင် သတိထားရန် လိုကြောင်း၊ မပေါ့ဆကြစေလို ကြောင်း၊ တချို့ပြည်သူများ နည်းနည်းပေါ့ဆသွားမည်ကို စိုးရိမ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်နိုင်ပါက လိုသလောက် အသုံးပြု၍ ရပါကြောင်း၊ ယခုက အခြားနိုင်ငံမှ တင်သွင်းရခြင်းဖြစ်ပါကြောင်း၊ မိမိတို့လိုချင်သလောက် ဝယ်ယူ၍ရမည် မဟုတ် ပါကြောင်း၊ သို့ဖြစ်၍ ယခုအချိန်တွင် ပြည်သူများအနေဖြင့် သတိထားစေလိုကြောင်း၊ ယခုအခါတွင်လည်း ကူးစက်မှုနှုန်း ကျဆင်းလာပြီဖြစ်သည့်အတွက် ယင်းကို ဆက်လက် ထိန်းသိမ်းထားကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုနှင့်ပတ်သက်၍ အတွေ့ အကြုံမရှိသည့် အတွက် ပြည်သူများ စိုးရိမ်ကြသည်မှာ သဘာဝကျပါကြောင်း၊ ကာကွယ် ဆေးထိုးနှံပြီးသူများကို နာရီဝက်ခန့် စောင့်ကြည့်ပြီး စိတ်ချရမှုရှိမှသာ ပြန်လည်ထွက်ခွာ ခွင့်ပြုပါကြောင်း ပြောကြားသည်။

 

 

     ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ပထမဆုံး ထိုးနှံသည့် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးနှစ်ဦးနှင့် ကာကွယ် ဆေးထိုးနှံရန် ရောက်ရှိနေကြသည့် ကျန်းမာရေးဝန်ထမ်းများကို အားပေးဆုတောင်းစကား ပြောကြားသည်။

     ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းရှိ အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြောင်း၊ ယခုကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပြီးသူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ပြန်လည် ထိုးနှံသွားရမည်ဖြစ်ကြောင်း သိရသည်။

 

 

     ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပါက နာခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း စသည့်တို့ ခံစားရတတ်ကြောင်း၊ ပုံမှန်အားဖြင့် အဆိုပါလက္ခဏာများသည် ၂၄ နာရီအတွင်း သက်သာ ပျောက်ကင်းလေ့ရှိကြောင်း၊ မသက်သာဘဲ ပိုမိုပြင်းထန်လာလျှင်လည်းကောင်း၊ အခြားပြင်းထန်လက္ခဏာများ ခံစားရလျှင်လည်းကောင်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသ သင့်ကြောင်း အသိပေးထားသည်။

     တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆေးရုံကြီးများ၊ ခရိုင်အဆင့် ဆေးရုံ များနှင့် မြို့နယ် အဆင့် ဆေးရုံများတွင် ယနေ့နံနက်ပိုင်းမှ စတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံပေးလျက်ရှိပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၃၈၀၀ ကျော်ကိုလည်း သတ်မှတ်နေရာများနှင့် သက်ဆိုင်ရာမြို့နယ် ဆေးရုံများတွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

More Tags