တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီး လက်ခံ

နေပြည်တော်၊ (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းမှုအား လက်ခံခဲ့ပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Chen Hai က လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားရာတွင် -

• ယနေ့ပေးအပ်လှူဒါန်းသည့် ဆေးပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်တွင် အထူးလေယာဉ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးပြီးနောက် ပထမဆုံးအဖြစ်ရောက်ရှိလာသည့် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါကြောင်း၊

• ယခုလှူဒါန်းသည့် ဆေးပစ္စည်းများ၏ တန်ဖိုးမှာ ယွမ်ငွေ (၂၅၀,၀၀၀) တန်ဖိုးရှိပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆက်လက်ပေးအပ်မည့် ယွမ်ငွေ (၃) သန်းတန်ဖိုးရှိ ပစ္စည်းများအနက် ပထမအသုတ်ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို လေးစားပြီး၊ "တစ်လှေတည်းစီး၊ တစ်ရေတည်းသောက်၊ အေးအတူပူအမျှအသိုက်အဝန်း” အဖြစ်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• COVID-19 ကပ်ရောဂါဖြစ်စဉ်တွင်လည်း မြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အကူအညီများ ပေးအပ်ခဲ့သကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ကျန်းမာရေး ပညာရှင် အဖွဲ့များ စေလွှတ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများပံ့ပိုးပေးခြင်းများ လုပ်ဆောင်လျက်ရှိပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာ-တရုတ် လုပ်ငန်းအသီးသီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် အေးအတူပူမျှနေထိုင်ရေးတို့ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတကလည်း မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ရေး၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် တွန်းအားပေးရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ကူညီဆောင်ရွက်ရေးတို့ကို အရေးကြီးသတ်မှတ် သဘောထား ပါကြောင်း၊

• မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံက စဉ်ဆက်မပြတ်ကူညီလျက်ရှိရာ COVID-19 ကာကွယ်ဆေး (၃) သိန်း ကိုလည်း ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နီးကပ်စွာဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) တည်ဆောက်ရေးလုပ်ငန်း ကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီပေးလျက်ရှိပါကြောင်း၊

• မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 
 
 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် -

• မိမိအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ ကဏ္ဍများစွာတွင် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူပေါင်းဆောင်ရွက်နေမှုများနှင့် ယခုကဲ့သို့ လှူဒါန်းမှုများနှင့် ကူညီပံ့ပိုး ပေးမှုများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နိုင်ငံသားများကို ကျေးဇူးတင်ရှိပါကြောင်း၊

• ယခုကဲ့သို့ လှူဒါန်းပေးအပ်မှုကြောင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍအတွက် နယ်စပ်ဒေသကျန်းမာရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနပူးပေါင်းဆောင်ရွက်မှုများ၊ ရာသီတုပ်ကွေး (H1N1) ကူးစက်မှုဖြစ်စဉ်တွင် ပံ့ပိုးခဲ့မှုများ၊ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးနှင့် အသည်းရောင်အသားဝါ-ဘီ ရောဂါကာကွယ်ဆေးများ ပေးအပ်မှုများ အပါအဝင် ပံ့ပိုးမှုများစွာပြုလုပ်ခဲ့သောကြောင့် မြန်မာနိုင်ငံ ပြည်သူများအတွက် အကျိုးများစွာ ရှိခဲ့ပါကြောင်း၊

• COVID-19 ဖြစ်စဉ်တွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ကာ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး အတွေ့အကြုံများ ဝေမျှခြင်း၊ COVID-19 ဓာတ်ခွဲစစ်ဆေးမှုအတွက် သင်တန်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်နေသည့် မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) သည်လည်း ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိစေမည်ဖြစ်ပါကြောင်း၊

• အဆိုပါ ဗဟိုဌာနကြီးပြီးစီးပြီးနောက် ပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် သုတေသနပညာရှင် များစွာကို လေ့ကျင့်သင်တန်းများပေးအပ်နိုင်ကာ ဗဟိုဌာနတွင် ပါဝင်သည့် ဇီဝလုံခြုံမှု အဆင့်မြင့် ဓာတ်ခွဲခန်းများဖြင့် အဆင့်မြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အလားတူ အဆင့်မြင့်သုတေသနများကိုလည်း လုပ်ဆောင်သွားနိုင်မည်ဖြစ်သဖြင့် အဆိုပါ ဗဟိုဌာနကြီးသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပြယုဂ်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိသွားမည် ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဆက်လက်ပေးအပ်မည့် ယွမ်ငွေ (၃) သန်းတန်ဖိုးရှိ ပစ္စည်းများကို အသုတ်လိုက် ပေးပို့သွားမည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိစွာဖြင့် လုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Chen Hai က စုစုပေါင်း ယွမ်ငွေ (၂၅၀,၀၀၀) တန်ဖိုးရှိ ပါးစပ်နှင့်နှာခေါင်းစည်း (mask) ခုရေ (၁) သိန်း၊ KN95 mask ခုရေ (၃) သောင်းနှင့် တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (၂) ထောင်တို့ကို ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည် ပေးအပ်ခဲ့ ပါသည်။

     အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Economic and Commercial Counsellor of Chinese Embassy to Myanmar ဖြစ်သူ Mr. Tan Shufu၊ First Secretary ဖြစ်သူ Ms. Zhou Nan၊ First Secretary ဖြစ်သူ Mr. Zhang Long၊ တာဝန်ရှိသူများဖြစ်သည့် Mr. Xiao Hongxuan၊ Ms. Wang Kun နှင့် Mr. Huang Taijing တို့ တက်ရောက်ခဲ့ကြပါသည်။

 

 
 

More Tags