ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ KF94 ပါးစပ်နှင့်နှာခေါင်းစည်း (KF94 mask) များနှင့် လူနာတင်ယာဉ်များ လှူဒါန်းမှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၅) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး တို့မှ ပါးစပ်နှင့်နှာခေါင်းစည်း (mask) များနှင့် လူနာတင်ယာဉ်များ လှူဒါန်းမှုအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်မှ Videoconferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများအား COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကွင်းဆင်း လုပ်ငန်းများဆောင်ရွက်နေသော ပြည်သူ့ကျန်းမာရေးပညာရှင်များ၏ ကိုယ်စားလက်ခံခြင်း ဖြစ်ပြီး COVID-19 ကူးစက်ခံရသူလူနာများအပါအဝင် အားလုံး၏ကိုယ်စား ကျေးဇူးတင်စကား ပြောကြားလိုပါကြောင်း၊

• လှူဒါန်းမှုများသည် ကုသရေးလုပ်ငန်းများအတွက်သာမက ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက်ပါ အကျိုးရှိစေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအတိုင်းအတာကို ပိုမိုမြင့်မားစေမည်ဖြစ်ပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံ၏ တောင်ဘက်ပိုင်းမူဝါဒအသစ် (new southern policy) ကို ထပ်ဆောင်းမြှင့်တင်ထားသည့် new southern policy plus နည်းဗျူဟာနှင့် အညီ မိမိတို့ နိုင်ငံအနေဖြင့် ကိုရီးယားသမ္မတနိုင်ငံနှင့် ပူးပေါင်းလက်တွဲကာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးစေရေး၊ လူမှုစီးပွားရေးကဏ္ဍများ ပုံမှန်ပြည်လည် လည်ပတ်ရေးနှင့် မူဝါဒ၏ အဓိကအချက်ဖြစ်သော COVID-19 ကပ်ရောဂါအလွန်ကာလတွင် ကျန်းမာရေးဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးတို့ကို လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊

• နိုင်ငံ၏ စီးပွားရေးတောင့်တင်းခိုင်မာပါက ကျန်းမာရေးအပါအဝင် ကဏ္ဍအသီးသီးလည်း တစ်ပါတည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊

• နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက်များပေးအပ်ကာ ဝန်ကြီးဌာနအသီးသီးက လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 သည် ကမ္ဘာတွင် အပြီးသတ် ပျောက်ကွယ်သွားမည်မဟုတ်ဘဲ ကူးစက်မှုပမာဏ၊ ကူးစက်မှုကာလအတိုင်းအတာ အနည်းအများနှင့် ရောဂါအပြင်းအပျော့ တို့သာ ကွာခြားပြီး လများစွာရှိနေဦးမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန်လျှော့ချမည်မဟုတ်ဘဲ ရောဂါကာကွယ်ရေး စည်းကမ်းများကိုလည်း ဆက်လက်လိုက်နာ ကြရမည် ဖြစ်ပါကြောင်း၊

• ယခင်ကလည်း ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ KOICA၊ KOFIH၊ ASEAN-Korea Fund၊ ကိုရီးယားနိုင်ငံမှ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ မြန်မာနိုင်ငံတွင် နေထိုင်သည့် ကိုရီးယား နိုင်ငံသားများ စသည်တို့က မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၃.၂) သန်းကျော် ရှိပြီ ဖြစ်ပါကြောင်း၊

• နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှု၊ ပြည်တွင်း/ ပြည်ပအလှူရှင်များယခုကဲ့သို့ လှူဒါန်းမှုများကြောင့် COVID-19 လူနာများအား ဓာတ်ခွဲစစ်ဆေးခြင်း၊ ဆေးရုံများ၌ကုသမှုပေးခြင်းနှင့် အသွားအလာကန့်သတ်နေရာများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဘက်စုံမှ ပံ့ပိုးပေးလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။

     ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ၏ စီးပွားရေးဆိုင်ရာ အကြံပေးနှင့် တောင်ဘက်ပိုင်းဆိုင်ရာမူဝါဒဆိုင်ရာ သမ္မတ၏ ကော်မတီ (Presidential Committee on New Southern Policy) ၏ ဥက္ကဋ္ဌဖြစ်သူ H.E Mr. Park Bokyeong က ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားရာတွင် -

• COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်း နေထိုင်သူများ၏ လူနေမှုဘဝကို များစွာ ပြောင်းလဲစေခဲ့ပါကြောင်း၊

• ကိုးရီးယားသမ္မတနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကို ရင်ဆိုင်တိုက်ရာတွင် (၁) ပြည်သူများနှင့်အတူ ကျော်လွှားခြင်း၊ (၂) အသွားအလာပိတ်ပင်တားမြစ်ခြင်း (lockdown) မပြုလုပ်ဘဲ သတ်မှတ်စည်းကမ်းများနှင့်အတူ သွားလာလုပ်ကိုင်ခွင့်ပြုခြင်း၊ ပွင့်လင်းမှုရှိ စွာဆောင်ရွက်ခြင်း၊ (၃) ရောဂါဖြစ်ပွားမှုအခြေအနေကို ပွင့်လင်းမြင်သာစွာချပြပြီး အစိုးရ၏ လုပ်ဆောင်မှုကို ယုံကြည်မှုရအောင်ဆောင်ရွက်ခြင်း အချက် (၃)ခုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မိမိအနေဖြင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် COVID-19 ကပ်ရောဂါကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊

• မြန်မာနိုင်ငံသည်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှုအောက် တွင် COVID-19 ကပ်ရောဂါကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊

• ၂၀၁၇ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတကြီး HE. Mr Moon-Jae-in က မြန်မာ နိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်အတွက် New Southern Policy ကို ထုတ်ပြန်ဆောင်ရွက်ခဲ့ ပါကြောင်း၊

• ထို့အပြင် ယခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ရေရှည်ပူးပေါင်းဆောင် ရွက်မှုကို မြှင့်တင်ရန်အတွက် လုပ်ငန်းကဏ္ဍ (၇)ရပ်ပါဝင်သော New Southern Policy Plus ကို ထုတ်ပြန်ခဲ့ပါကြောင်း၊

• အဆိုပါမူဝါဒသစ်၌ ကျန်းမာရေးကဏ္ဍတွင် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန်ဟု ပါရှိပြီး ကိုရီးယားအစိုးရအနေဖြင့် COVID-19 ကာကွယ်၊ ကုသရေးလုပ်ငန်းအထောက် အကူပြုပစ္စည်း Rapid Antigen test များကို ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊

• ထို့အပြင် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ အထောက် အပံ့များကိုလည်း ပေးအပ်သွားရန်ရှိပါကြောင်း,

• COVID-19 ကပ်ရောဂါကာလအတွင်း ကိုရီးယား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာ အားကောင်းလာခဲ့ပါကြောင်း၊

• COVID-19 ကပ်ရောဂါအစပိုင်းတွင် မြန်မာနိုင်ငံရှိ စက်မှုဇုန်တွင် ထုတ်လုပ်နေသော တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်း (PPE) များကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်ပို့ သယ်ဆောင်နိုင်ခဲ့ပါကြောင်း၊

• ထို့အပြင် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ကိုရီးယားနိုင်ငံသားများ ကိုရီးယားနိုင်ငံသို့ ဘေးကင်းစွာပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရမှ ကူညီပေးခဲ့ပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံ အစိုးရအဖွဲ့၊ ကုမ္ပဏီများနှင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင် နေသော ကိုရီးယားလူမျိုးများက စေတနာအလျောက် COVID-19 ကာကွယ်၊ ကုသရေး အထောက် အကူပြုပစ္စည်းများကို ယခုလိုလှူဒါန်းရခြင်းကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း နှင့် မြန်မာစကားပုံ တစ်ခုဖြစ်သည့် "တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား" ဆိုသည်နှင့် အညီ ကိုရီးယား သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် COVID-19 ကပ်ရောဂါကို အတူ တကွ ကျော်ဖြတ်ကြပါစို့ဟု ပြောကြားခဲ့ပါသည်။

 

 
 
 

     ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူးတင်စကားပြောကြားရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများ၊ အားပေးထောက်ပံ့မှုများသည် မိမိတို့နိုင်ငံအတွက် များစွာ အကျိုးရှိပါကြောင်း၊

• COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊

• မိမိတို့အနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်တွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို မထိခိုက်စေရေးအတွက်လည်း အလေးထားကာ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံ၏ COVID-19 ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများသည် မြန်မာနိုင်ငံနှင့် တူညီချက်များလည်းရှိပါကြောင်း၊

• မိမိတို့အနေဖြင့် ပြည်သူများတွင် COVID-19 ရောဂါမဖြစ်ပွားစေရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း အချက်များအား ပြည်သူများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာဆောင်ရွက်စေရေး စီမံချက်လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ကွင်းဆင်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ ပါကြောင်း၊

• ယခုကဲ့သို့ COVID-19 ကပ်ရောဂါကြုံတွေ့နေသည့် အချိန်ကာလတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ချစ်ကြည်ရင်းနှီးစွာ ပံ့ပိုးမှုများအတွက် မိမိတို့ နိုင်ငံသားများအားလုံး၏ ရင်ထဲတွင် အမှတ်ရ ကျေးဇူးတင်ရှိနေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ယင်းနောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms. Hai Kyung Jun က ပြောကြားရာတွင် -

• ယခုကဲ့သို့ မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ KF94 ပါးစပ်နှင့်နှာခေါင်းစည်း (KF94 mask) များ ပါဝင်လှူဒါန်းခွင့်ရရှိသည့် အပေါ် ဝမ်းမြောက်မိပါကြောင်း၊

• ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေဖြင့် မြန်မာနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် စုပေါင်းအင်အားများဖြင့် စုစည်းပူးပေါင်းကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာကဏ္ဍမှ ဆက်လက်၍ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ယင်းနောက် H.E Mr. Park Bokyeong၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး H.E Mr Lee Sang-hwa နှင့် Ms. Hai Kyung Jun တို့က တန်ဖိုး အမေရိကန်ဒေါ်လာ (၂၇၉,၃၆၁) ရှိ KF94 ပါးစပ်နှင့်နှာခေါင်းစည်း (KF94 mask) (၄၁၆,၉၅၈) ခုအား ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။

     ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ Korean Association ၏ ကိုယ်စားလှယ် Mr. Chun Sung Ho နှင့် တာဝန်ရှိသူများက အရေးပေါ်လူနာတင်ယာဉ် (၅) စီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါသည်။

     အဆိုပါအခမ်းအနားကို Videoconferencing စနစ်ဖြင့် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းရင်း ဆေးပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ Presidential Committee on New Southern Policy ၏ Deputy Secretary General ဖြစ်သူ Mr. An Byunghwa၊ KOICA Myanmar ၏ Chief Representative ဖြစ်သူ Ms. Lee Youn-soo နှင့် UNHCR မြန်မာရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

 

 
 
 

More Tags