ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် COVID-19 ဓာတ်ခွဲမှု PCR Test Kit များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ လွှဲပြောင်းပေးအပ်မှုအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ ညနေပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms. Hai Kyung Jun အား လက်ခံတွေ့ဆုံခဲ့ပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် COVID-19 ဓာတ်ခွဲမှု PCR Test Kit များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ လွှဲပြောင်းပေးအပ်မှုအား လက်ခံခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် Ms. Hai Kyung Jun က -

• မိမိတို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ပါကြောင်း၊

• ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် Cobas SARS-CoV2- PCR Test Kit များကို လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက -

• Ms. Hai Kyung Jun အား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖြစ်ခန့်အပ်တာဝန်ပေးခြင်း အပေါ် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊

• မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံအပါအဝင် အခြားနိုင်ငံများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း/ ပြည်ပအလှူရှင်များက COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ ပစ္စည်းကိရိယာများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ရန်ပုံငွေများ ပေးအပ်လှူဒါန်းမှုများ ရှိပါကြောင်း၊

• ယခုကဲ့သို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ COVID-19 ဓာတ်ခွဲမှုဆိုင်ရာ PCR Test Kit များ ပေးအပ်လှူဒါန်းခြင်းသည် ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများ အတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊

• ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အနေဖြင့် COVID-19 ရောဂါ ထိန်းချုပ်မှု အတိုင်းအတာတစ်ခုအထိရရှိချိန်တွင် မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်ကာ လက်တွေ့မြေပြင် အခြေအနေမှန်များကို ကြည့်ရှုစေလိုပါကြောင်း၊

• ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လက်တွဲပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် Ms. Hai Kyung Jun က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၇၄၄,၈၉၁) တန်ဖိုးရှိ Cobas SARS-CoV2- PCR Test Kit (၅၀,၀၀၀) ခုကို ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ Deputy Representative ဖြစ်သူ Ms. Yukiko Iriyama နှင့် Associate Liaison Officer ဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းလှိုင် တို့ တက်ရောက်ခဲ့ပါသည်။

 

 
 

More Tags