ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

လားရှိုး၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် (၂၄) မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြို့နယ်များရှိ ဈေးများ၊ လမ်းများနှင့်လူစည်ကားရာနေရာများ၊ COVID-19 ရောဂါ ကူးစက်နိုင်ခြေမြင့်မားသော နေရာများတွင် ပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပြီး စနစ်တကျတပ်ဆင်စေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်သူများလိုက်နာရမည့် COVID-19 ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ အမူအကျင့်ကောင်းများကို အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

     အဆိုပါလှုပ်ရှားမှုတွင် မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာ့၀န်ထမ်းများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြပါသည်။

     COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 
 
 

More Tags