COVID-19 ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော COVID-19 ကုသရေး လုပ်ငန်းများ ပိုမိုထိရောက်စေရေးနှင့် လူနာသေဆုံးမှုများ ကျဆင်းစေရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၉-၁၁-၂၀၂၀) ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းလျှင် COVID-19 ဖြစ်ပွားမှုသည် (၁,၆၄၅) ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၄၃) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊

• ထို့အပြင်လူဦးရေ တစ်သန်းလျှင် COVID-19 လူနာသေဆုံးမှုမှာ (၃၅) ဦးရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၁၃၂) နိုင်ငံမြောက်ဖြစ်ပါကြောင်း၊

• လူဦးရေ အချိုးအစားနှင့် မတွက်ချက်ပဲ ကိန်းဂဏန်းအနည်းအများနှင့် ဆန်းစစ်ပါက COVID-19 လူနာသေဆုံးမှုမှာ (၁,၉၁၈) ဦးရှိပြီး ကမ္ဘာ့နိုင်ငံ/ နယ်မြေ စုစုပေါင်း (၂၃၀) အနက် (၅၇) နိုင်ငံမြောက် ဖြစ်ပါကြောင်း၊

• COVID-19 လူနာများအား ပိုမိုထိရောက်စွာကုသမှုပေးနိုင်ရေး၊ COVID-19 လူနာများသေဆုံးမှုကျဆင်းစေရေး၊ ကုသမှုဆိုင်ရာ အတွေ့အကြုံများဝေမျှနိုင်ရေးနှင့် COVID-19 ကုသရေး လုပ်ငန်းများအတွက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆေးပညာ၊ အရေးပေါ်ကုသမှုဆေးပညာ၊ မေ့ဆေးပညာနှင့် အပူပိုင်းနှင့်ကူးစက်ရောဂါပညာတို့မှ ပါမောက္ခ/ ဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများ တက်ရောက်သည့် ယနေ့ ဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များနှင့် ဆရာဝန်များ၊ သူနာပြုဆရာမကြီးများနှင့် သူနာပြုများသည် ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်ဝစွာ၊ လူနာများ၏ အသက်ကယ်ဆယ်နိုင်ရေးနှင့် လူနာများ ဝေဒနာလျော့ပါးစေရေးအတွက် စိတ်စေတနာပြည့်ဝစွာဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို မိမိတို့ တာဝန်ရှိသူများနှင့် ပြည်သူများ အားလုံးက သိရှိပါကြောင်း၊

• အလားတူ ဓာတ်ခွဲ၊ ဓာတ်မှန်ပညာရှင်များ၊ ကုသမှု အထောက်အကူပြုပညာရှင်များသည်လည်း မှန်ကန်တိကျသော ဓာတ်ခွဲ၊ ဓာတ်မှန် အဖြေများပေးအပ်ခြင်းနှင့် ကုသမှုလုပ်ငန်းများအတွက် လိုအပ်သည့် ပံ့ပိုးမှုပေးအပ်ခြင်းတို့ဖြင့် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း သိရှိ၊ သိမြင်ရပါကြောင်း၊ ပရဟိတစေတနာ့ ဝန်ထမ်းများနှင့် အလှူရှင်များကလည်း ဘက်ပေါင်းစုံမှ ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊

• COVID-19 လူနာများအား ပိုမိုအရည်အသွေးပြည့်ဝစွာ ကုသမှုပေးနိုင်ရေးဆောင်ရွက်ရာတွင် ကုသရေးကဏ္ဍနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေး ကဏ္ဍတို့ လက်တွဲညီ ပူးပေါင်းဆောင်ရွက်ရန်မှာ အထူးအရေးကြီးပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်သော အပိုင်းနှင့် ဝန်ကြီးဌာနမှ လုပ်ဆောင်နိုင်သော အတိုင်းအတာကို ကျော်လွန်သော အပိုင်းဟူ၍ ရှိပါကြောင်း၊

• COVID-19 နှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေးနှင့် ကပ်ရောဂါဗေဒပညာရပ် ရှုထောင့်မှ ကြည့်ပါက ရောဂါဖြစ်ပွားစေသော ဗိုင်းရပ်စ်ပိုး (agent)ကို မိမိတို့အနေဖြင့် ပြုပြင်၍ မရပါကြောင်း၊ ရောဂါကူးစက်ခံရနိုင်ချေ ရှိသည့်ပြည်သူများ (host) တွင် ရောဂါကူးစက်မှု ကာကွယ်ရေးနှင့် သံသယရောဂါလက္ခဏာရှိပါက စောစီးစွာ စစ်ဆေးကုသမှု ခံယူရေးအတွက် ကျန်းမာရေအသိပညာများ မြင့်မားရန်ကိုလည်း နည်းမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိတွင်လည်း တစ်ပြည်လုံးအတိုင်းအတာဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်အား ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ COVID-19 ကုသရေးစင်တာများနှင့် ဆေးရုံများနှင့် ကုသရေးပတ်ဝန်းကျင် (environment) အတွက် လိုအပ်သည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အောက်ဆီဂျင်ပိုက်လိုင်းများ၊ အထူးကြပ်မတ်ကုသဆောင်များနှင့် အထူးကြပ်မတ်ကုသဆောင်သုံး ပစ္စည်းကိရိယာများကိုလည်း ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ အတိုင်းအတာတစ်ခုအထိ လုံလောက်မှုရှိလာပြီ ဖြစ်ပါကြောင်း၊ ထပ်မံလိုအပ်မှုများ ရှိပါကလည်း အတတ်နိုင်ဆုံး ချက်ချင်းဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊



• လူနာများအနေဖြင့် COVID-19 ၏ သံသယလက္ခဏာများ၊ ရောဂါပြင်းထန်မှု အန္တရာယ်လက္ခဏာများနှင့် ပတ်သက်၍ ကျန်းမာရေးအသိနည်းပါးခြင်း၊ မိမိတွင် ရောဂါဖြစ်ပွားနေမှုနှင့် အန္တရာယ်ရှိမှုကို သတိမမူမိခြင်း၊

ဆေးရုံသို့ရောက်ရှိမှုနောက်ကျခြင်းနှင့် လူနာတွင် ရောဂါအခံရှိခြင်း တို့ကြောင့် အသက်ဆုံးရှုံးနိုင်ချေ ပိုမိုများပြားပါကြောင်း၊

• မိမိတို့နိုင်ငံတွင် COVID-19 ကူးစက်မှု ဒုတိယလှိုင်းစတင်ခဲ့စဉ် ကနဦးကာလ၌ COVID-19 သံသယလက္ခဏာရှိသူများသည် ဆေးရုံသို့ လာရောက်ကုသမှုခံယူမှု နောက်ကျကာ အသက်သေဆုံးပြီးမှ ရောက်ရှိခြင်းနှင့် ဆေးရုံသို့ရောက်ရှိပြီး မကြာခင်မှာ အချိန်ပိုင်းအတွင်းပင် အသက်သေဆုံးခြင်းများ ရှိခဲ့ပါကြောင်း၊

• ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများသို့ လူနာများ ရောဂါလက္ခဏာများ စတင်ဖြစ်ပွားပြီးနောက် မည်သည့်ရက်တွင် ဆေးရုံသို့ရောက်ရှိသည်၊ ရောက်ရှိချိန်တွင် လူနာ၏ ရောဂါအခြေအနေ၊ ရောဂါပြင်းထန်မှု အခြေအနေအလိုက် ဆေးရုံတက်ရောက်ရသည့်ရက်နှင့် ဆေးရုံသို့ ရောက်ရှိပြီး သေဆုံးချိန် ရက်ကာလစသည့် အချက်အလက်များအား သုတေသနပုံစံ ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်စေလိုပါကြောင်း၊

• လက်ရှိတွင် ပြည်သူများထံ ဖြန့်ဝေနေသည့် COVID-19 ရောဂါဖြစ်ပွားသည့်လူနာနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာအချက်အလက်များကိုလည်း ပိုမိုကောင်းမွန် ထိရောက်စေရေး အတွက် ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊

• COVID-19 ရောဂါ၏ သဘောသာဝသည် အချိန်တိုအတွင်း ရုတ်ချည်းဆိုသလို ရောဂါပြင်းထန်နိုင်သည် ဖြစ်သဖြင့် လူနာ၏ အခြေအနေကို စနစ်တကျစောင့်ကြပ်ကြည့်ရှု (monitoring) ရန်မှာ အရေးကြီးပါကြောင်း၊ အထူးသဖြင့် သွေးတွင်းအောက်ဆီဂျင်ပျော်ဝင်မှု တိုင်းတာခြင်းသည် အရေးကြီးသဖြင့် ဆေးရုံတက်စဉ်ကာလ တစ်လျှောက်လုံး သွေးတွင်းအောက်ဆီဂျင် ပျော်ဝင်မှု တိုင်းကိရိယာကို အသုံးပြုတိုင်းတာပြီး စောင့်ကြပ်ကြည့်ရှုခြင်းကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• မသန်စွမ်း (handicapped) COVID-19 လူနာများနှင့် အခြားသော အကူအညီလိုအပ်သည့် လူနာများအတွက် လူနာစောင့်ထားရှိခွင့်ကို သက်ဆိုင်ရာ ဆေးရုံမှ တာဝန်ခံဆရာဝန်၏ ထောက်ခံချက်ဖြင့် ခွင့်ပြုပေးထားပြီဖြစ်သဖြင့် လူနာ၏ စိတ်ချမ်းသာမှုနှင့် ရောဂါစောစီးစွာ ပျောက်ကင်းမှုအတွက် များစွာ အထောက်အကူပြုပါကြောင်း၊

• COVID-19 ကုသရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကိုလည်း ကမ္ဘာ၌ နောက်ဆုံးတွေ့ရှိချက်များနှင့်အညီ မွမ်းမံ (update) ခြင်းများ ပြုလုပ်ကာ တစ်ပြည်လုံးရှိ ဆေးရုံများသို့ အင်တာနက် အီးမေးလ်မှ တစ်ဆင့် ဖြန့်ဝေပေးလျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဆေးရုံနှင့် COVID-19 ကုသရေးဌာနအလိုက် ပြုစုထားသော လုပ်ငန်းလမ်းညွှန်များကိုလည်း အခြားသော ဆေးရုံများနှင့် ကုသရေးဌာနများသို့ အီးမေးလ်ဖြင့် ဖြန့်ဝေပေးခြင်းဖြင့် ထိရောက်သော ကုသမှုများကို ပေးနိုင်ပြီး လူနာသေဆုံး လျော့နည်းမည်ဖြစ်ပါကြောင်း၊

• COVID-19 ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပါမောက္ခကြီးများ၊ အထူးကုဆရာဝန်ကြီးများသည် အနယ်နယ် အရပ်ရပ်မှ ဆရာဝန်များနှင့် Videoconferencing ပြုလုပ်ကာ အတွေအကြုံမျှဝေဆွေးနွေးမှုများ ပြုလုပ်နေခြင်းသည် ကောင်းမွန်ပြီး ဆက်လက် ၍ အပတ်စဉ် ပုံမှန် ပြုလုပ်ပေးစေလိုပါကြောင်း၊

• COVID-19 ကုသရေးလုပ်ငန်းများ ဆန်းစစ်မှု (medical audit) နှင့် ကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး ကိစ္စရပ်များအတွက် ပါမောက္ခကြီးများနှင့် အထူးကုဆရာဝန်ကြီးများ သီးခြားဆွေးနွေးမှုများကိုလည်း ပြုလုပ်ပြီးထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို တစ်ပြည်လုံးရှိ ဆေးရုံများသို့ ဖြန့်ဝေပေးခြင်းဖြင့် လူနာသေဆုံးမှုနှုန်း ယခုထက် ပိုမိုကျဆင်းလာမည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို အတတ်နိုင်ဆုံး ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအတိုင်းအတာဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် ဆေးပညာပါမောက္ခ/ ဌာနမှူး (ငြိမ်း) ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က -

• လိုအပ်သည့် COVID-19 လူနာများအတွက် လူနာစောင့်ထားခွင့်ပြုခြင်းတွင် အချို့သူများသည် စည်းကမ်း လိုက်နာမှုအားနည်းသော်လည်း အများစုမှာ စည်းကမ်းလိုက်နာ ဆောင်ရွက်ကြ ပြီး ကောင်းကျိုးများ သိသာစွာရှိပါကြောင်း၊

• လက်ရှိ၌ ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများတွင် ရောဂါလက္ခဏာမရှိသူနှင့် သာမာန်ရောဂါလက္ခဏာသာရှိသူ (mild case) များ၊ ရောဂါလက္ခဏာအလယ်အလတ်ပြင်းထန်သူ (moderate case) များနှင့် ရောဂါပြင်းထန်သူများ (severe case) များ အားလုံး တက်ရောက်ကုသမှု ခံယူနေခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများ အလုပ်ဝန်ပိနေမှုတို့ကို တင်ပြခဲ့ပြီး၊

• ရောဂါလက္ခဏာမရှိသူနှင့် သာမာန်ရောဂါလက္ခဏာသာရှိသူ COVID-19 လူနာများက အခြားသော COVID-19 လူနာများအား အချင်းချင်း ပြုစုစောင့်ရှောက်ခြင်းအား စေတနာ့ဝန်ထမ်း (volunteer inside the ward)ပုံစံဖြင့် ဆောင်ရွက်ရန်၊

• COVID-19 လူနာများအား ရောဂါအခံ ရှိ/ မရှိ၊ ခုခံအား ကျဆင်းမှု (immune deficiency/ suppression) ရှိ/ မရှိ၊ အသက်အရွယ်၊ လက်ရှိ ရောဂါအခြေအနေစသည့် အချက်များကို
အခြေခံ ကာ လူနာ၏ အန္တရာယ်ရှိနိုင်ချေအဆင့်ခွဲခြားခြင်း (risk stratification) ပြုလုပ်ကာ သင့်လျော်သောဆေးရုံ/ ကုသရေးဌာနတွင် ကုသမှု ခံယူရန် (သို့မဟုတ်) သင့်လျော်သော နေရာတွင် သီးခြားထားရှိကာ ရောဂါအခြေအနေစောင့်ကြည့်အကဲဖြတ်ကာ လိုအပ်သည့် ကုသမှုနှင့် လွှဲပြောင်းကုသမှုပြုလုပ်ရန်၊

• ရောဂါလက္ခဏာမရှိသူ၊ သာမာန်ရောဂါလက္ခဏာသာရှိသူနှင့် အန္တရာယ်ရှိနိုင်ချေနည်းပါးသူများအား သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ (electronic information and telecommunication technology) များ အသုံးပြုကာ ဆွေးနွေးကုသမှု (telemedicine) နှင့် ဆေးဝါးပေးပို့မှု (telepharmacy) တို့ဖြင့် ဆောင်ရွက်သွားရန်စသည် တို့အား အကြံပြု တင်ပြခဲ့ပါသည်။

ယင်းနောက် ဆေးတက္ကသိုလ် (၁)၊ မေ့ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင်က -

• ရန်ကုန်တိုင်းဒေသကြီးအတွက်ရှိှ COVID-19 ဆိုင်ရာ အထူးကြပ်မတ်ကုသဆောင်များတွင် လူနာများ တက်ရောက်ကုသခဲ့မှု၊ ရောဂါအခံရှိသူများ အရေအတွက်၊ ပြန်လည်သက်သာမှု အခြေအနေနှင့် သေဆုံးမှု အခြေအနေများနှင့်

• COVID-19 လူနာများအတွက် အောက်ဆီဂျင်ပေးနည်းအမျိုးမျိုး၏ ရလဒ်များတို့ကို တင်ပြခဲ့ပြီး

အထူးကြပ်မတ်ကုသလုပ်ငန်းများကို ပိုမိုစောစီးစွာ ဆောင်ရွက်နိုင်ရေး အကြံပြုချက်များ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ဆေးတက္ကသိုလ် (၁)၊ အပူပိုင်းနှင့်ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမိုးမိုးစမ်းက -

• COVID-19 လူနာများ ဆေးရုံသို့ ရောက်ရှိချိန်တွင်လည်းကောင်း၊ ဆေးရုံဆင်းချိန်တွင်လည်းကောင်း တစ်စုံတစ်ခုအားစိုက်ဆောင်ရွက်ပြီးချိန်၌ သွေးတွင်း အောက်ဆီဂျင်ပျော်ဝင်မှု တိုင်းတာခြင်း (SPO2 on exertion) ကို ဆောင်ရွက်ရန် အကြံပြုခဲ့ပါသည်။

ဆက်လက်၍ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက -

• မိမိတို့နိုင်ငံတွင် ဆေးရုံသို့ မရောက်ရှိမီ ပြုစုကုသမှု (prehospital care) စနစ်ကောင်း တစ်ရပ်လိုအပ်နေမှုနှင့်

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဆေးရုံများတွင် အောက်ဆီဂျင်လုံလောက်မှု ရှိစေရေး ကြိုတင်ပြင်ဆင်ထားရန် အကြံပြုမှုတို့ကို တင်ပြခဲ့ပါသည်။

ထို့နောက် ဆေးတက္ကသိုလ် (၁)၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာမော်မော်ဦးက -

• လက်ရှိတွင် ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများတွင် COVID-19 လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ဆရာဝန်များ၊ သူနာပြုများနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များသည် လပေါင်းများစွာ နားရက်မရှိသလောက် လုပ်ဆောင်နေကြပြီး အလုပ်ဝန်များ ပိနေပါကြောင်း၊

• ပြင်ပတွင် လူစုလူဝေးများ ပြုလုပ်နေခြင်း၊ ရောဂါကာကွယ်ရေး စည်းကမ်းများကိုလိုက်နာမှု မရှိခြင်းတို့ကို တွေ့မြင်သိရှိနေရပါကြောင်း၊

• COVID-19 လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ခွန်အားပိုင်းဆိုင်ရာ အခြေအနေများကို သိရှိနိုင်ရေးအတွက် စစ်တမ်းတစ်ခု ပြုလုပ်သင့်ပါကြောင်း၊

• COVID-19 ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရန်အတွက် သက်ဆိုင်ရာ နှီးနွှယ်ဌာနများ၏ ပူးပေါင်း ပါဝင်မှုများ ယခုထက်ပိုမို လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ကျန်းမာရေး ဝန်ထမ်းများတွင် အမြင်သဘောထားများ ရှိနေပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သွေးရောဂါ ပါမောက္ခဒေါက်တာရဲမြက -

• ပြန်လည်သက်သာကောင်းမွန်သွားသော COVID-19 လူနာဟောင်း၏ သွေးရည်ကြည်ကို ရယူကာ COVID-19 လူနာများအားကုသမှုပေးခြင်းသည် အကျိုးရှိကြောင်းအား ရောဂါ ဖြစ်ပွားမှု အလွန်များပြားနေသော အမေရိကန်၊ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံများတွင် လက်တွေ့ကုသမှုနှင့် စစ်တမ်းသုတေသနများပြုလုပ် တွေ့ရှိထားပြီးဖြစ်မှု၊

• မြန်မာနိုင်ငံတွင် COVID-19 လူနာများအား သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးမှု အတွေ့အကြုံများ၊

• သွေးရည်ကြည်ကုထုံးဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များတို့ကို ပြောကြားခဲ့ပါသည်။

 


ထို့နောက် ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ က -

• ဆေးရုံနှင့် COVID-19 ကုသရေးဌာနများ အလိုက် လူနာများအား ကုသပေးနေမှု အခြေအနေများနှင့် ဖြည့်ဆည်းဆောင်ရွက်ထားမှု အခြေအနေများအား တင်ပြခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများက -

• COVID-19 ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊

• COVID-19 ကုသရေးလုပ်ငန်းများအတွက် ထပ်မံလိုအပ်သည်များနှင့် အထွေထွေဆွေးနွေး အကြံပြုချက်များ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ရမည်များအား ဖြည့်ဆည်းစီစဉ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာန၏ ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများတွင် နေ့မအား၊ ညမနား ဆောင်ရွက်နေကြသည့် ဆရာဝန်၊ သူနာပြုနှင့် ကုသမှု အထောက်အကူပြုပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ နှင့် ပံ့ပိုးဆောင်ရွက်နေသူများအားလုံးကို ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

• လူနာ၏ အန္တရာယ်ရှိနိုင်ချေအဆင့်ခွဲခြားခြင်း (risk stratification) ပြုလုပ်ထားရှိပြီး ကုသရန်မှာ အရေးကြီးပါကြောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ ပါမောက္ခကြီးများ၊ အထူးကုဆရာဝန် ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သီးခြားဆွေးနွေးမှု ပြုလုပ်ကာ ဆောင်ရွက်မည့် အစီအစဉ်ကို ရေးဆွဲတင်ပြရန် ဖြစ်ပါကြောင်း၊

• COVID-19 လူနာများအား ကုသရာတွင် တွေ့ကြုံရသည့် အချက်များ၊ သတိပြုရမည့်အချက်များအား စုစည်း ပြုစု၍ သက်ဆိုင်ရာ ဆရာဝန်များအားလုံးထံသို့ ဖြန့်ဝေးပေးစေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ဆေးရုံကြီးများတွင် အောက်ဆီဂျင်လုံလောက်စွာရရှိရေး ကြိုတင်ပြင်ဆင်မှုများ ဆက်လက်၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ခွန်အားပိုင်းဆိုင်ရာ အခြေအနေများနှင့် ပတ်သက်သည့် စစ်တမ်း တစ်ခု ကောက်ယူနိုင်ရန်အတွက် ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တို့က တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများတွင် ကျန်းမာရေးဝန်ထမ်းများအား တာဝန်ထမ်းဆောင်မှု အခြေအနေများနှင့် ပတ်သက်၍ ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ကာ ပိုမို ကောင်းမွန် အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• သွေးတွင်းအောက်ဆီဂျင်ပျော်ဝင်မှု တိုင်းတာစက် (pulse oximeter) များသည် လူနာ၏ အခြေအနေကို သုံးသပ်ရာ၌ အလွန်အရေးပါသဖြင့် ပိုမိုလုံလောက်စေရေးအတွက် သက်ဆိုင်ရာ ဆေးရုံနှင့် ကုသရေးဌာနများသို့ အမြန်ဆုံးထပ်မံပေးပို့မည်ဖြစ်ပါကြောင်း၊

• ပါမောက္ခကြီးများ၊ အထူးကုဆရာဝန်ကြီးများအနေဖြင့် နိုင်ငံတကာမှ ကုသရေးကုထုံးဆိုင်ရာ တွေ့ရှိချက်အသစ်များကို အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုကာ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဆရာဝန်များထံသို့ အချိန်နှင့် တစ်ပြေးညီဖြန့်ဝေပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒီဇင်ဘာလ (၁) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အရှေ့တောင် အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ WHO ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်ကြီးများ၊ UNAIDS၊ Global Fund နှင့် နိုင်ငံတကာ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ကြီးများ ပါဝင်တက်ရောက်ခဲ့သည့် "အရှေ့တောင်အာရှ ဒေသတွင်း ခုခံကျ/ ကာလသားရောဂါဆိုင်ရာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တုန့်ပြန်ဆောင်ရွက်ခြင်း အဆင့်မြင့်ခေါင်းဆောင်မှု အစည်းအဝေးသို့" Video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ပြီး - COVID-19 ကပ်ရောဂါကာလအတွင်း ခုခံကျ/ ကာလ သားရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အပါအဝင် မရှိမဖြစ်အရေးကြီးသော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ပြတ်တောက်ခြင်းမရှိစေဘဲ ဆက်လက်ဆောင်ရွက်ရန် အလေးထား ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

 
 
 

More Tags