တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်အလိုက် COVID-19 ဖြစ်ပွားကူးစက်မှုအခြေအနေနှင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များအားလုံး၌ ဆောင်ရွက်နေသော ပါးစပ်နှင့်နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှား စီမံချက်ဆောင်ရွက်နေမှုများအားတင်ပြဆွေးနွေးခြင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်အလိုက် COVID-19 ဖြစ်ပွားကူးစက်မှု အခြေအနေနှင့် တစ်ပြည်လုံးအတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုများ သော မြို့နယ်များ အားလုံး၌ ဆောင်ရွက်နေသော ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှား စီမံချက် ဆောင်ရွက်နေမှုများအား အသေးစိတ်တင်ပြဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် COVID-19 ကူးစက်ပျံ့နှံ့မှုအခြေအနေနှင့် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသေးစိတ်သုံးသပ်တင်ပြဆွေးနွေးရန်ဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှ ကောင်းမွန်သည့် ဆောင်ရွက်ချက်များကို အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အမြန်ဆုံး အတူယူလုပ်ဆောင်နိုင်ရန် အတွက် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပထဝီနေရာဒေသ အခြေအနေ၊ ပြည်တွင်း/ ပြည်ပဝင်ထွက်ပေါက်များ အခြေအနေ၊ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေ၊ ကျန်းမာရေးလူ့စွမ်းအားအပါအဝင် အရင်းအမြစ်များ အခြေအနေအရပ်ရပ်တို့သည် တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုနှင့်တစ်ခု မတူညီခြင်းကြောင့် တစ်သမတ်တည်း တူညီသော လုပ်ငန်းနည်းဗျူဟာဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ မဟာဗျူဟာ အနေနှင့်မူ တူညီရမည်ဖြစ်ပါကြောင်း၊

 

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ နိုင်ငံတကာတွင် COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုပုံသဏ္ဍာန်၊ လူနာသေဆုံးမှုစသည့် အခြေအနေများအား ဆန်းစစ်သုံးသပ်ချက်များ နေ့စဉ်ပြုလုပ် လျက်ရှိပြီး အဆိုပါ ဆန်းစစ်သုံးသပ်ချက်များအား တိုင်းဒေသကြီး/ ပြည်နယ်များမှ အချိန်နှင့် တစ်ပြေးညီ လေ့လာသုံးသပ်ကာ ပြည်သူ့ကျန်းမာရေးနှင့် ဆေးရုံများ၌ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးချစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုချင်းအလိုက်လည်း အနုစိတ်ဆန်းစစ်သုံးသပ်မှုများ အမြဲတမ်းလုပ်ရမည်ဖြစ်ပြီး နည်းဗျူဟာများကို လိုအပ်သလို ပြုပြင်မွမ်းမံကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဤရောဂါကို ထိန်းချုပ်ရာ၌ တစ်သမတ်တည်း တစ်ပုံစံတည်း ပုံသေ ဆောင်ရွက်၍ မရပါကြောင်း၊

• ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၏ အမြင်ရှုထောင့်များနှင့် တင်ပြချက်များ ကိုလည်း အလေးထားကာ ရယူစဉ်းစားဆောင်ရွက်ကြရန်မှာ အရေးကြီးပါကြောင်း၊

• COVID-19 ရောဂါ ကူးစက်မှု အမြန်ဆုံး ကျဆင်းသွားစေရန်အတွက် လုပ်ငန်းများအား ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်သင့်သည်များကို အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိပြီး ပြည်သူများ ပါဝင်မှု ရရှိရန် အဓိကထား ဆောင်ရွက်မှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်တွေ့မြေပြင်တွင် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးကဏ္ဍမှ ဝန်ထမ်းများ ဆောင်ရွက်နေမှု လုပ်ငန်းမှတ်တမ်းဓာတ်ပုံများကို အများပြည်သူ သိရှိနိုင် စေရန်အတွက် ဝန်ကြီးဌာန၊ လူမှုကွန်ရက်စာမျက်နှာ၌ ယနေ့အတွက်ဓါတ်ပုံကဏ္ဍ ခေါင်းစဉ်ဖြင့် နေ့စဉ်ဖော်ပြလျက်ရှိပါကြောင်း၊

• လက်ရှိ၌ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်နေသည့် "ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက်" ဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက် အခဲနှင့် စိန်ခေါ်မှုများ၊ အဆိုပါအခက်အခဲများကို ဖြေရှင်းဆောင်ရွက်မှုများ၊ လိုအပ်ချက်များစသည်တို့နှင့် ပတ်သက်၍လည်း အဓိကထား၍ အသေးစိတ် ဆွေးနွေးကြစေလိုပါကြောင်း၊

• အဆိုပါ စီမံချက်ဆောင်ရွက်ရာတွင် "COVID-19 ကူးစက်ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အရေးအကြီးဆုံးသော အချက်မှာ ပြည်သူတစ်ဦးချင်းစီက ရောဂါကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာရန် ဖြစ်သည်" ကို ပြည်သူများ သိရှိရေး အသိပညာပေးရန် ဖြစ်ပါကြောင်း၊

 

• ထိုသို့ အသိပညာပေးရာတွင် COVID-19 ရောဂါသည် လျင်မြန်စွာ ကူးစက်နိုင်သည့် အချက်၊ ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသဘဲ ရောဂါရှိသူများရှိနေပြီး ၎င်းရောဂါရှိသူများက အခြားလူအများထံ လျင်မြန်စွာ ထပ်မံရောဂါကူးစက်စေသည့် အချက်၊ ရောဂါသည် မည်သူမဆို ရောဂါဖြစ်ပွားနိုင်ပြီး ရောဂါပြင်းထန်မှုဖြစ်ချိန်တွင်မှ ဆေးရုံသို့လာပြပါက အသက်ဆုံးရှုံး နိုင်သည့် အချက်၊ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်ခြင်းနှင့် တတ်နိုင်သမျှမိမိနေအိမ်တွင်သာနေထိုင်ခြင်း တို့ဖြင့် COVID-19 ရောဂါကူးစက်မှုကို ထိရောက်စွာကာကွယ်နိုင်သည်ဆိုသည့် အချက်၊ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံကြီးများတွင် COVID-19 ကာကွယ်ရေးနည်းလမ်းများကို မလိုက်နာကြသောကြောင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု များပြားစွာရှိနေပြီး ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် မနိုင်မနင်းဖြစ်နေသည် ဆိုသည့် အချက်တို့ကို အထူးအလေးထား ပြောကြားကြရမည် ဖြစ်ပါကြောင်း၊

• "ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားစီမံချက်" ဖြင့် ပါးစပ်နှင့် နှာခေါင်းစည်းဝေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို လူအများ အပြင်အထွက်များသည့် အချိန် နံနက်နှင့် ညနေများတွင် ကျန်းမာရေးနှင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဈေးရောင်းချသူများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) မတပ်ပါက ဈေးရောင်းချခွင့်မပြုရန်နှင့် ဈေးဝယ်သူများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) မတပ်ပါက ဈေးတွင်း ဝင်ခွင့်မပြုရန်တို့ကို သက်ဆိုင်ရာနှီးနွှယ်ဌာနများနှင့် ပူးပေါင်းကာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ဈေးဝယ်ယူသူများအနေဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) မတပ်ထားသော ဈေးရောင်းချသူများထံမှ ဈေးဝယ်ယူခြင်းမပြုကြရန်ကို အသိပညာပေး ရမည်ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကာကွယ်ရေးစည်းကမ်း မလိုက်နာသူများအား COVID-19 ဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများတွင် လုပ်အားပေးပါဝင် ဆောင်ရွက်စေခြင်းမှာ ကောင်းမွန်ပါကြောင်း၊

• အလားတူ COVID-19 ကာကွယ်ရေးစည်းကမ်း မလိုက်နာသူများအား သင့်တော်သော အရေးယူမှုများ ပြုလုပ်ရန် သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးများက -

• သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ မြို့နယ်အလိုက် ရောဂါဖြစ်ပွား ကူးစက်မှု နှင့် သေဆုံးမှုအခြေအနေ၊

• ဆေးရုံများနှင့် COVID-19 ကုသရေးဌာနများတွင် COVID-19 လူနာများအား ကုသပေးနေမှုအခြေအနေ၊

• အသွားအလာကန့်သတ်ထားရှိမှု အခြေအနေ၊

• အနံ့ပျောက်သူများထားရှိကုသရာနေရာများတွင် ဆောင်ရွက်နေမှုအခြေအနေ၊

• Rapid Antigen Diagnosis Test Kit ဖြင့် ဓာတ်ခွဲနမူနာများ စစ်ဆေးနေမှုနှင့် ဓာတ်ခွဲနမူနာများအား သက်ဆိုင်ရာ ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးနေမှု၊

• ပြည်တွင်း/ ပြည်ပ ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းဆောင်ရွက်နေမှု၊

• အဝေးပြေးယာဉ်မောင်းများအား COVID-19 စစ်ဆေးနေမှု၊

• COVID-19 ကင်းရှင်းကြောင်း ထောက်ခံစာအတုပြုလုပ်နေသူများအား အရေးယူထားမှုများ၊

• အသွားအလာကန့်သတ်မှု စည်းကမ်းချိုးဖောက်သူများအား အရေးယူထားမှုများ၊

• နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပရဟိတများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊

• ကျန်းမာရေးဝန်ထမ်းများ အလုပ်ဝန်ပိနေမှုနှင့် ကိုယ်စိတ်ပင်ပန်းနေမှု၊

• ပရဟိတစေတနာ့ဝန်ထမ်းများ ယခင်ကနှင့် နှိုင်းယှဉ်လျှင် နည်းပါးလာမှု၊

• အကျဉ်းထောင်နှင့် အချုပ်များတွင် ရောဂါကူးစက်မှု အခြေအနေ၊

• Fever clinic များဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေ၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အခက်အခဲနှင့် စိန်ခေါ်မှုများနှင့် လိုအပ်ချက်များ၊

• "ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက်" ဆောင်ရွက်နေမှုအခြေအနေ၊

• ဈေးများတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူများသည် ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့် စည်ပင်သာယာရေး ဝန်ထမ်းများ ရှိနေချိန်တွင် ပါးစပ်နှင့် နှာခေါင်းစည်းနှင့် မျက်နှာအကာ များကို ဝတ်ဆင်သော်လည်း၊ ကျန်အချိန်များတွင် လိုက်နာဆောင်ရွက်ခြင်း အားနည်းမှု၊

• လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်ချက်များ စသည်တို့ကို အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။

 

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က တင်ပြချက်များ အပေါ် ပြန်လည်ဆွေးနွေး ဖြည့်ဆည်းပေးခဲ့ပါသည်။

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးမှုနှင့် အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် -

• ယနေ့ အစည်းအဝေးတွင် တင်ပြချက်များနှင့် အကြံပြုချက်များသည် လက်တွေ့ကျပြီး ပြုလုပ်နိုင်သည်အချက်များဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊

• COVID-19 ကာကွယ်ထိန်းချုပ်ရေးများတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများကို လုပ်ပိုင်ခွင့်အပြည့်အဝ ပေးအပ်ထားပြီးဖြစ်၍ အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• သို့မှသာ ကာကွယ်ထိန်းချု်ရေးလုပ်ငန်းများ အချိန်တိုအတွင်း ထိရောက်အောင်မြင်မည် ဖြစ်ပါကြောင်း၊

• မူဝါဒပိုင်းဆိုင်ရာနှင့် ဝန်ကြီးဌာနအဆင့်မှ ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်များကိုသာ အချိန်နှင့် တစ်ပြေးညီ ဆက်သွယ်တင်ပြရန်ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေးပညာရှင်ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး ၎င်းတို့၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရေးအတွက် ဆောင်ရွက်ကြစေ လိုပါကြောင်း၊

• COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်ရန် အဓိကအကျဆုံးနှင့် အရေးအကြီးဆုံးမှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မှုနှင့် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုတို့ဖြစ်ပါကြောင်း၊

• ဈေးကြီးများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (mask) နှင့် မျက်နှာအကာ (face shield) များ အား သက်သာသော နှုန်းထားဖြင့် ရောင်းချသော ဆိုင်များ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊

• လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည်များအား ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဆက်လက်ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ဝန်ကြီးဌာနအတိုင်းအတာနှင့် ဆောင်ရွက်နိုင်ခြင်း မရှိသည်များအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

More Tags