ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှုအား ပြည်ထောင်စုဝန်ကြီး လက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှုအား လက်ခံခဲ့ပါသည်။

လှူဒါန်းမှု အခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E. Professor Mam Bunheng က ပြောကြားရာတွင် -

• ရှေးဦးစွာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ထံမှ မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြန်လည်ပြောကြားအပ်ပါကြောင်း၊

• ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်မှ "ကမ္ဘောဒီးယားနိုင်ငံ နှင့် ညီရင်းအကိုသဖွယ်ချစ်ခင်သော မြန်မာနိုင်ငံမှ ပြည်သူများ ဘေးအန္တရာယ်ကင်းကာ ကျန်းမာကြစေရေးနှင့် COVID-19 ကပ်ရောဂါကို ကျော်လွှားနိုင်ရေး ဆုမွန်ကောင်းတောင်းသည်"ကိုလည်း တစ်ဆင့်ပြန်လည် ပြောကြားအပ်ပါကြောင်း၊

• ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဆေးပစ္စည်း ကိရိယာများ လှူဒါန်း ပေးအပ်မှုအား ကိုယ်စားလှယ်အဖြစ် လာရောက်ရခြင်းကို ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊

• ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရှေးကာလများစွာကပင် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပြီး ယခုအခါတွင်လည်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေး နှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းရေး ကိစ္စရပ်များအား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံစုံပူးပေါင်း ဆောင်ရွက်မှုနှင့် အာဆီယံပူးပေါင်း ဆောင်ရွက်မှုများဖြင့် အကောင်အထည်ဖော် လျက်ရှိပါကြောင်း၊

• ယခု (၂၀၂၀) ပြည့်နှစ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့်မြောက်သည့် နှစ်လည်းဖြစ်ပါကြောင်း၊

• ယခုလှူဒါန်းမှုများသည် မျှော်မှန်းတွက်ဆရန်ခက်ခဲသော ကျန်းမာရေးနှင့် လူသားလုံခြုံမှုဆိုင်ရာ စိန်ခေါ်မှုများအား တစ်ကမ္ဘာလုံးရင်ဆိုင်နေရချိန်တွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ခင်ရင်းနှီးမှုနှင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုများကို ဖော်ပြခြင်းတစ်ရပ်ဖြစ်ပါကြောင်း၊

• မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အစဉ်အလာချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် မိမိတို့နှစ်နိုင်ငံသည် ဒေသတွင်း ပြည်သူများအတွက် ဟန်ချက် ညီပြီး ရေရှည်တည်တံ့သော လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အား အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊

• မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာကာ ပျော်ရွှင်ကြပါစေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများကလှူဒါန်းသော -

ပါးစပ်နှင့်နှာခေါင်းစည်း (၂) သန်း၊ Fabric Face Mask (၁) သိန်း၊ N 95 Mask (၂) သောင်း၊ Googgle (၂) သောင်း၊ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (PPE Set) (၂) သောင်း၊ Infrared temperature Manual Check (၅၀၀)၊ မျက်နှာအကာ (Face shield) (၂) သောင်း၊ အသက်ရှူစက် (Ventilator Machine for ICU set) (၂၀)၊ Patient monitor and accessory (၂၀)၊ ကလိုရင်းမှုန့် ပုံးပေါင်း (၅၀၀)၊ ရောဂါကာကွယ်ရေး ဘွတ်ဖိနပ် (၁,၀၀၀)နှင့် လက်ဆေးဆပ်ပြာရည် (၂,၀၀၀)တို့အား ကမ္ဘောဒီးယားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး H.E. Professor Mam Bunheng က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။


ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားရာတွင် -

• ယခုကဲ့သို့ ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံအား ချစ်ခင်ရင်းနှီးမှုနှင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုများဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းမှုများအား ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအားလုံးကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

• ကမ္ဘောဒီးယားနိုင်ငံမှ လှူဒါန်းပေးအပ်သည့် အသက်ရှူစက် (ventilator) များ၊ လူနာအခြေအနေ စောင့်ကြပ်ကြည့်ရှုမှု စက်ပစ္စည်းကိရိယာ (patient monitor) များသည် COVID-19 လူနာများအား ကုသမှုပေးရာတွင်လည်းကောင်း၊ ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ လုပ်ဆောင်ရာ နှင့် လူနာများအား ကိုင်တွယ်ကုသမှုပေးရာတွင် လည်းကောင်းများစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊

• လက်ရှိတွင် မြန်မာနိုင်ငံ၌ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခု လှူဒါန်းသည့် ပါးစပ်နှင့်နှာခေါင်းစည်းများ၊ မျက်နှာအကာများစသည်တို့ကို အသုံးချဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊

• ယနေ့လှူဒါန်းမှုများကို သိရှိကြမည့် မြန်မာနိုင်ငံသားများအနေဖြင့်လည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို တွေ့မြင်သိရှိနိုင်ကြမည် ဖြစ်ပါကြောင်း၊

• ယခုနှစ်သည် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ သံတမန်ဆက်ဆံရေးထူထောင်သည့် (၆၅) နှစ် မြောက်လည်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အရှိန်အဟုန် ပိုမိုမြင့်မား တိုးတက်ပါ စေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများကို ကမ္ဘောဒီးယားနိုင်ငံ လေကြောင်းလိုင်းမှ အထူးလေယာဉ် (၃) စီးဖြင့် လာရောက် ပို့ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

လှူဒါန်းမှုအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

More Tags