မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး စီမံချက်အတွက် COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) တို့ကို အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ကို ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကာ လုပ်ငန်းများ တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

 
 
 

• မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းအဖွဲ့ခွဲများမှ ဆွေးနွေးအတည်ပြုချက်များအား အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ထံသို့ တင်ပြခဲ့ပါကြောင်း၊

• အဆိုပါ အချက်များကို ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ တင်ပြသွားမည်ဖြစ်ပြီး တက်ရောက်လာကြသူများက ကာကွယ်ဆေးဖြန့်ဝေထိုးနှံမည့်အစီအစဉ် (vaccine deployment plan) ဆိုင်ရာကိစ္စရပ်များအား ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေး အတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည် Gavi, The Vaccine Alliance အဖွဲ့ အနေဖြင့် COVAX Facility မှတစ်ဆင့် မိမိတို့နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက် COVID-19 ကာကွယ်ဆေးအား အထူးသက်သာသောနှုန်းထား (သို့မဟုတ်) အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

• မိမိအနေဖြင့် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် Gavi, The Vaccine Alliance အဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် အချိန်နှင့် တစ်ပြေးညီ ဆွေးနွေး ညှိနှိုင်းလျက်ရှိပါကြောင်း၊

• ပြည်သူများအနေဖြင့် သတိပြုအလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးမှ COVID-19 ကာကွယ်ဆေးကို လိုအပ်နေသဖြင့် အပြိုင်အဆိုင်ဝယ်ယူရန်ကြိုးစားလျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့်လည်း နိုင်ငံတစ်ဝန်းလုံး COVID-19 ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ်မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူထုအတွင်း ရောဂါခုခံ ကာကွယ်နိုင်မှု ပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်း ရရှိနိုင်မည်မှာ ခက်ခဲပါကြောင်း၊

• သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် လက်ရှိရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို လပေါင်းများစွာ မဖြစ်မနေ ဆက်လက်၍ လုပ်ဆောင်ရမည့်အပြင် အရှိန်အဟုန်ကိုလည်း တိုးမြှင့်၍ ဆောင်ရွက်စေလိုပါကြောင်း၊

• COVID-19 ကာကွယ်ဆေးများ ပိုမိုရရှိထိုးနှံနိုင်ရန် နိုင်ငံတော် ဘဏ္ဍာငွေ၊ Gavi, the vaccine alliance မှ ထောက်ပံ့ငွေ နှင့် ကမ္ဘာ့ဘဏ်ချေးငွေ တို့ကို အသုံးပြုကာ ဝယ်ယူမည် ဖြစ်ပါကြောင်း၊

• ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများက COVID-19 ကာကွယ်ဆေးများ ထိုးနှံနိုင်ရန်အတွက်ကိုလည်း စနစ်တကျလမ်းညွှန်ချက်များ အမြန်ဆုံးချမှတ်ကာ ခွင့်ပြုပေးသွားမည်ဖြစ် ပါကြောင်း၊

• ထိုသို့ ခွင့်ပြုရာတွင် အာနိသင်မပြည့်ဝသည့် ကာကွယ်ဆေးများမဖြစ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ အပါအဝင် နှီးနွှယ် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် ထိုးနှံအသုံးပြုရန် COVID-19 ကာကွယ်ဆေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုသော (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့အစည်း (FDA) များ မှ တရားဝင်အသိအမှတ်ပြုထားသော (သို့မဟုတ်) သက်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်သည့်နိုင်ငံများမှ အရေးပေါ်သုံးစွဲခွင့် (Emergency use authorization) ရရှိထားသော ကာကွယ်ဆေးများကိုသာ အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး အခြားသော အရည်အသွေးနှင့် အာနိသင် အာမခံချက်မရှိသော ကာကွယ်ဆေးများကို လုံးဝအသုံးပြုခွင့် ပေးမည်မဟုတ် ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေးကို ရွေးချယ်ရာတွင် ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization (AEFI)) အနည်းဆုံးဖြစ်ခြင်း၊ သယ်ယူပို့ဆောင်ရာတွင် မိမိတို့နိုင်ငံအခြေအနေနှင့်ကိုက်ညီခြင်း၊ ဓာတ်ခွဲခန်းနှင့် သုတေသနလေ့လာစမ်းသပ်ရာတွင် စွမ်းရည်ထက်မြက် (efficacy) ရုံသာမက လက်တွေ့ ပြင်ပတွင်လည်း စွမ်းရည်ထက်မြက်ခြင်း (effectiveness)၊ ထိုးနှံရမည့် အကြိမ်အရေအတွက်၊ ရောဂါကာကွယ်နိုင်စွမ်းရှိသည့် အတိုင်းအတာ စသည့် အချက်များနှင့် တိုက်ဆိုင်သုံးသပ်ကာ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ အကြံပြုချက်များနှင့် အညီ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့တင်ပြကာ ကာကွယ်ဆေးများကို ရွေးချယ်အသုံးပြု သွားမည်ဖြစ်ပါကြောင်း၊

• လက်ရှိတွင် ကမ္ဘာ့ နိုင်ငံများနှင့် ကုမ္ပဏီအများအပြားမှ လက်တွေ့ စမ်းသပ် သုတေသနပြုမှုပြုလုပ်လျက်ရှိသော COVID-19 ကာကွယ်ဆေးများအနက် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုလမ်းစများ တွေ့ရှိနေသာ ကာကွယ်ဆေးအချို့သည် အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (အနုတ် ၇၀ ဒီဂရီစင်တီဂရိတ်) (ultra-cold storage) ဖြင့် ထားရှိရမည်ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် အဆိုပါကာကွယ်ဆေးအား ဝယ်ယူမည်ဆိုပါက အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှုစနစ်ကို ရရှိနိုင်ရေးအတွက် လိုအပ်သည် များကိုလည်း ဝယ်ယူရန် စီစဉ်ဆွေးနွေးလျက်ရှိပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ လက်ရှိအသုံးပြုနေသော အအေးလမ်းကြောင်းစနစ်နှင့် ကိုက်ညီသည့် ကမ္ဘာတွင် သုတေသနပြုအတိုင်းအတာတစ်ခုအထိ အောင်မြင်မှု လမ်းစများ တွေ့ရှိနေသော COVID-19 ကာကွယ်ဆေးအမျိုးအစားများလည်း ရှိနေပါကြောင်း၊

• ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေးများ စတင်ရရှိလာသည့်အခါ လူနာများကို ကိုင်တွယ်ကုသပေးနေရသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ရောဂါ ကူးစက်နိုင်ချေ များပြား သူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေအပါအဝင် အခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစားပေးထိုးနှံမည့် အုပ်စုများ သတ်မှတ်ထိုးနှံသွားမည်ဖြစ်ပြီး ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိလာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာ (application) ကို Gavi, The Vaccine Alliance ထံသို့ ယခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့အရောက်ပေးပို့နိုင်ရန်အတွက် ပြင်ဆင် ထားပြီး အချိန်မီပို့မည်ဖြစ်ပါကြောင်း၊

• အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့နှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်တို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့တို့နှင့် အမြဲတမ်း ဆက်သွယ်ချိတ်ဆက်ပြောဆိုနေရမည်ဖြစ်ပါကြောင်း၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့နှင့် COVAX facility တို့မှ COVID-19 ကာကွယ်ဆေးဆိုင်ရာ သတင်းများကို အမြဲမပြတ်သိရှိနိုင်ရန်အတွက် တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်တွင် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့တစ်ခုတာဝန်ပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်ကြီးဖြစ်သဖြင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းနှင့် လုပ်ငန်းများ အကောင်အထည် ဖော်ခြင်း တို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 
 

     ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနှင့် နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေး အရည်အသွေးဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်း အချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေးပံ့ပိုး ဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဗေဒနှင့် အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲ များမှ ဒေါက်တာအောင်နိုင်ဦး၊ ဒေါက်တာအေးမြချမ်းသာ၊ ဒေါက်တာနှင်းအိဖြူ၊ ဒေါက်တာနှင်းနွယ်နီအေးနှင့် ဒေါက်တာငြိမ်းငြိမ်းချစ်တို့ က COVID-19 ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် အစီအစဉ်များနှင့်ပတ်သက်၍ အသီးသီးတင်ပြကြရာတွင် -

• COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းနေသည့် နိုင်ငံများ၊ ကျန်းမာရေး အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ သတင်းအချက်အလက်များကို အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုနေမှု၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ Gavi, The Vaccine Alliance အဖွဲ့နှင့် COVAX facility တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေမှုနှင့် အစည်းအဝေးများတွင် တက်ရောက်ဆွေးနွေးနေမှုများ၊

• ပြည်တွင်း၌လည်း ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခြင်းနှင့် အကြံပြုချက်များ ရယူခြင်းများ၊

• နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းထားရှိမှုများ၊

• ဝန်ကြီးဌာန၏ ကာကွယ်ဆေးသိုလှောင်ထိန်းသိမ်းမှု အအေးလမ်းကြောင်း စနစ်များအခြေအနေ ဆန်းစစ်ထားရှိမှု၊

• ကာကွယ်ဆေးထိုးနှံရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ အသင့်ဖြစ်မှု အခြေအနေ ဆန်းစစ်ထားရှိမှု (readiness assessment)၊

• လက်ရှိတွင် ကမ္ဘာ့နိုင်ငံများ၌ လေ့လာသုတေသနပြုနေသည့် အလားအလာရှိသော COVID-19 ကာကွယ်ဆေးများနှင့် ပတ်သက်၍ ၎င်းတို့၏ ခန့်မှန်းဈေးနှုန်းများ၊ ခန့်မှန်းထုတ်လုပ်နိုင်မှု၊ ကာကွယ်ဆေးအမျိုးအစား အလိုက် ထားသိုရမည့် အပူချိန် နှင့် အအေးလမ်းကြောင်းစနစ်များ၊

• COVID-19 ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာ (application) ကို ယခုနှစ် ဒီဇင်ဘာလ (၇) ရက်နေ့အရောက်ပေးပို့နိုင်ရန်အတွက် ပြင်ဆင်ထားရှိမှု၊

• COVAX Facility မှ Gavi, The Vaccine Alliance ၏ပံ့ပိုးမှုဖြင့် ကာကွယ်ဆေးရရှိနိုင်မှု၊ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဝယ်ယူရရှိနိုင်မှုနှင့် ပုဂ္ဂလိက ကာကွယ်ဆေးထုတ်လုပ်သူများ ထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြေအနေများကို ဆန်းစစ်သုံးသပ်ထားမှု၊

• ဝန်ကြီးဌာန၏ ကာကွယ်ဆေးဖြန့်ဝေထိုးနှံနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်အခြေအနေဆန်းစစ်ထားရှိမှု၊

• ကာကွယ်ဆေးထိုးနှံပေးမည့်သူများအား မွမ်းမံသင်တန်းပြုလုပ်မည့်အစီအစဉ်၊ ကာကွယ်ဆေး၏ အရည်အသွေးကို ဆန်းစစ်နိုင်ရန်၊ ကာကွယ်ဆေးကို မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင်ရန်နှင့် နိုင်ငံတွင်းရောက်ရှိပြီးနောက် ဖြန့်ဖြူးရန် အစီအစဉ်များ၊

• ပုဂ္ဂလိက ကဏ္ဍကို ပိုမိုပူးပေါင်းပါဝင်စေရေးကိစ္စရပ်များ၊

• နိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားမှု အခြေအနေနှင့် ရောဂါ ကူးစက်နိုင်ချေများပြားသူများအုပ်စု (risk group) တို့နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊

• ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားပေးထိုးနှံပေးသင့်သည့် လူအုပ်စုများ၊

• COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ၊

• COVID-19 ကာကွယ်ဆေးထိုးနှံရာတွင် အသုံးပြုရမည့် ပစ္စည်းကိရိယာများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊

• ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization (AEFI)) စောင့်ကြပ်ကြည့်ရှုရေးအတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်ပုံတင်ခြင်း၊ သတင်းအချက် အလက်စုဆောင်းပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည့် အစီအစဉ်၊

• COVID-19 ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ပြင်ဆင်ချိန်၊ စတင်ထိုးနှံချိန်တို့တွင် ဆက်သွယ်ဆောင်ရွက်မှု (communication) များ ပြုလုပ်သွားမည့် အစီအစဉ် နှင့် လိုအပ်ချက်များ စသည်တို့ကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group) ဥက္ကဋ္ဌ ဒေါက်တာစိုးလွင်ငြိမ်းတို့က -

• အလွန်အမင်းအေးသော အအေးလမ်းကြောင်းသိုလှောင်မှု (ultra-cold storage) စနစ် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်နိုင်ရေး၊

• COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်မှတ်တမ်းစနစ်အသုံးပြုရန်အတွက် အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ရေး၊

• COVID-19 ကာကွယ်ဆေးများ ရရှိတော့မည့် အချိန်၌ ကာကွယ်ဆေးထိုးနှံရန် ဦးစားပေးအုပ်စုများ သတ်မှတ်မှု၊ ထိုးနှံမည့် အစီအစဉ်များကို မီဒီယာအမျိုးမျိုးမှတစ်ဆင့် ကျယ်ကျယ် ပြန့်ပြန့် ကြိုတင် အသိပေးထားရေး အပါအဝင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကြံပြုဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် -

• COVID-19 ကာကွယ်ဆေးထိုးနှံမည့် လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုသွားမည်မှာ ကောင်းမွန်ပါကြောင်း၊ ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက်အားလုံးတွင် သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ် နည်းပညာများကို ယခုထက်ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးချဆောင်ရွက်သွားစေလိုပါကြောင်း၊

• ကာကွယ်ဆေးဘာသာရပ် ဒီပလိုမာ (Diploma in Vaccinology) သင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့် အွန်လိုင်းသင်တန်းများ အမြန်ဆုံးဖွင့်လှစ်စေလိုပါကြောင်း၊

• COVID-19 ကာကွယ်ဆေးအလိုက် ထိုးနှံရမည့် အကြိမ်ရေ၊ ထိုးနှံသည့် အကြိမ်အလိုက် ရောဂါကာကွယ်နိုင်သည့် အတိုင်းအတာ ကာလ၊ ရောဂါကာကွယ်နိုင်စွမ်းသည် အသက်အရွယ် အပေါ်မူတည် ပြောင်းလဲနိုင်မှုအနေအထားတို့ကိုလည်း ဆန်းစစ်လေ့လာကြစေလိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ ကျွမ်းကျင်မှုပိုင်းဆိုင်ရာအကြံပြုမှုများအပေါ် သုံးသပ်ခြင်းများပြုလုပ်ကာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့တင်ပြကာ ဆုံးဖြတ်ချက်များ ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee - CNCC) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) တို့မှ အဖွဲ့ဝင်များနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

 
 
 

More Tags