စစ်ကိုင်းတိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမှုပြောင်းလဲရေးဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်

မုံရွာ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၂)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ၏ ဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမှုပြောင်းလဲရေး ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

     COVID-19 ရောဂါ ဒေသတွင်းကူးစက်မှုလျော့နည်းစေရေးအတွက် ပြည်သူလူထုအနေဖြင့် ကာကွယ်ရေးနည်းလမ်းများကို အလေ့အကျင့်ဖြစ်စေရန်ရည်ရွယ်၍ ဈေးများအပါအဝင် လူစည်ကားရာနေရာများ၊ COVID-19 ရောဂါ ကူးစက်နိုင်ခြေမြင့်မားသော နေရာများတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အမှုအကျင့်ကောင်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ အသိပညာပေးဆိုင်းဘုတ်များကိုင်ဆောင်၍ ပညာပေးခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

     အဆိုပါလူထုလှုပ်ရှားမှုစီမံချက်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ မီးသတ်ဦးစီးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။

     ပြည်သူထူထုအတွင်း COVID-19 ရောဂါကာကွယ်ရေး အမူအကျင့်ကောင်းများ ဖြစ်ထွန်းလက်ခံကျင့်သုံးလာစေရန် ယခုကဲ့သို့ လူထုလှုပ်ရှားမှုများကို မြို့ပေါ်တွင်သာမက ကျေးလက် ဒေသများတွင်လည်း ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags