ရွှေဘိုမြို့တွင် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရွှေဘို၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၉ ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အစရှိသော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရွှေဘိုမြို့ စည်ပင်သာယာဈေးနှင့် လူစည်ကားရာ နေရာများ၌ COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုများ(Mask&Face Shield Campaign) ကိုပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

     အဆိုပါလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေး အတွက် ပြည်သူလူထုက ရောဂါကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေးဂရုစိုက်လာစေပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ လူစည်ကားရာနေရာ ဖြစ်သော ရွှေဘိုမြို့ စည်ပင်သာယာဈေး (တောင်ဘက်) တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

 

     ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းသို့ ဝင်ရောက်မည့် မည်သူမဆို ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်း၊ ဈေးအတွင်း ဈေးရောင်း/ဈေးဝယ်များအား ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ မဖြစ်မနေတပ်ဆင်ရေးအတွက် အသိပေးစည်းရုံး လှုံ့ဆော်ခြင်း၊ အခမဲ့ပေးဝေခြင်းနှင့် တပ်ဆင်စေခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများကို လှည့်လည်အသိပေးပြောကြားခြင်း၊ COVID-19 ရောဂါကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းနှင့် မျက်နှာအကာ (Face Mask & Face Shield) တို့ကို အခမဲ့ပေးဝေခြင်း စသည်တို့ကို လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး ရောဂါကူးစက်နိုင်မှုမြင့်မားနိုင်သော အခြားနေရာများ တွင်လည်း ဆက်လက်၍ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags