မကွေးတိုင်းဒေသကြီးအတွင်းရှိ Stay at Home မြို့နယ်အပါအ၀င် မြို့နယ်အားလုံးတွင် မျက်နှာနှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးစီမံချက် (Mask Campaign) များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေးမြို့၊ (၂၀၂၀) ပြည့်နှစ်၊ နို၀င်ဘာလ (၁၅) ရက်

     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ Stay at Home မြို့နယ်အပါအ၀င် (၂၅) မြို့နယ်လုံးတွင် မျက်နှာနှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးစီမံချက် (Mask Campaign) များကို (၁၅.၁၁.၂၀၂၀) ရက်နေ့မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပါသည်။

 

     အဆိုပါဆောင်ရွက်ချက်များကို လူစည်ကားရာနေရာများဖြစ်သော စျေးများ၊ ကုန်တိုက် များ၊ မြို့၀င်မြို့ထွက်စစ်ဆေးရေးဂိတ်များ၊ လမ်းဆုံလမ်းခွများနှင့် အခြားလူစုလူဝေးဖြင့် ရှိနေနိုင်သောနေရာများတွင် မျက်နှာနှင့်နှာခေါင်းစည်း(Mask)များဖြန့်ဝေခြင်း COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို Hand-held Speaker များဖြင့် ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်လျှက်ရှိပါသည်။

 

     ထိုသို့လုပ်ဆောင်ချက်များကို မြို့နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းစသည့်ဌာနဆိုင်ရာများနှင့် အခြားလူမှုအဖွဲ့အစည်း များနှင့် စေတနာ့၀န်ထမ်းများ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပါသည်။

More Tags