မွန်ပြည်နယ်အတွင်းရှိ ဈေးများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

မော်လမြိုင်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၈) ရက်

     မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အတွင်း Stay at Home မြို့နယ်များဖြစ်သည့် မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်များရှိ ဈေးများတွင် နိုဝင်ဘာလ (၁၅) ရက်နေ့က COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို ပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါလူထုလှုပ်ရှားမှုများတွင် ဈေးရောင်း၊ ဈေးဝယ်လာသူများကို ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရေးနှင့် စနစ်တကျတပ်ဆင်ရေးတို့အတွက် အသိပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ တပ်ဆင်စေခြင်း၊ မော်လမြိုင်မြို့ရှိ ဒိုင်းဝန်ကွင်းဈေးနှင့် မောင်ငံဈေးတို့တွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) (၃,၀၀၀) ခု၊ မျက်နှာအကာ (Face shield) (၃,၀၀၀) ခု၊ လက်သန့်ဆေးရည် (၁,၀၀၀) ဗူးတို့ကို အခမဲ့ပေးဝေခြင်း၊ ဘီးလင်းမြို့ရှိ မင်္ဂလာဈေးတွင် Mask (၅၀၀) ခု၊ Face Shield (၁၀၀) ခုတို့ကို အခမဲ့ပေးဝေခြင်း၊ လက်ကိုင်အသံချဲ့စက်စပီကာဖြင့် COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို အသိပညာပေး လှည့်လည်ဆော်ဩခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

     ယင်းလှုပ်ရှားမှုများတွင် ပြည်နယ်/ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

 

     အဆိုပါ (Mask & Face Shield Campaign) လူထုလှုပ်ရှားမှုများကို မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ ဈေးများ၊ လူစည်ကားရာနေရာများနှင့် COVID-19 ရောဂါကူးစက်နိုင်ခြေမြင့်မားသော နေရာများတွင် ပြည်သူလူထုအတွင်း အဆိုပါ အမူအကျင့်ကောင်းများ အလေ့အထ ဖြစ်လာစေသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags