ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပုသိမ်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၇) ရက်

     (၁၅-၁၁-၂၀၂၀) ရက်နေ့နှင့် (၁၆-၁၁-၂၀၂၀) ရက်နေ့တို့တွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို ဧရာ၀တီတိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးရှိ ဈေးများတွင် တစ်ပြိုင်နက်တည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြ ပါသည်။

    ယင်းလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ COVID-19 ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေး နည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွည်၍ လူစုလူဝေးများပြားပြီး ကူးစက်မှု အများဆုံးနေရာဖြစ်သည့် ဈေးများတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။


     အဆိုပါလှုပ်ရှားမှုများတွင် မြို့နယ်အသီးသီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ အစရှိသည့် ဌာနဆိုင်ရာများအားလုံးနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

     ပညာပေးလုပ်ငန်းများအဖြစ် ဈေးသည်များအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များ ဝေငှပညာပေးခြင်း၊ ဈေးဝယ်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ ဝေငှပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းနှင့် အများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်း များကို လက်ကိုင်စပီကာများဖြင့် ကြော်ငြာအသိပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ဧရာ၀တီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကလည်း ပုသိမ်မြို့ပေါ်ရှိ လူစည်ကားရာ စျေးများသို့ ကိုယ်တိုင်သွားရောက်ပြီး Mask & Face Shield Campaign တွင် ဦးဆောင်ပါဝင်၍ အသိပညာပေးခဲ့သည့်အပြင် မီဒီယာများမှတစ်ဆင့်လည်း ပြည်သူလူထုများ ပိုမိုသိရှိစေရန်နှင့် လိုက်နာစေရန် အသိပေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     အလားတူလှုပ်ရှားမှုများကို အခြားမြို့နယ်များတွင်လည်း ပြည်သူလူထုအတွင်း အဆိုပါ အမူအကျင့်ကောင်းများ အလေ့အထ ဖြစ်လာစေသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

More Tags