COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ ASEAN – Korea Cooperation Fund (AKCF) ဖြင့် COVID-19 Antigen Test Kits များ လှူဒါန်းပေးအပ်မှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ ညနေပိုင်းတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ ASEAN – Korea Cooperation Fund ဖြင့် COVID-19 Antigen Test Kits များ လှူဒါန်းပေးအပ်မှုအခမ်းအနားသို့ Videoconferencing စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

     အခမ်းအနား၌ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် -

• မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ KOFIH အဖွဲ့နှင့် ကိုရီးယားနိုင်ငံမှ အဖွဲ့အစည်းများသည် စဉ်ဆက်မပြတ် ပံ့ပိုးလှူဒါန်းမှုများ ပြုလုပ်နေခြင်း အပေါ်ကျေးဇူးတင်ရှိပါကြောင်း၊

• COVID-19 ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဓာတ်ခွဲစက်ပစ္စည်းကိရိယာများ၊ ဓာတ်ခွဲဆက်စပ်ပစ္စည်းများ၊ Rapid Antigen Diagnostic Test Kit များ၊ တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေး အသုံးအဆောင်များကို ကိုရီးယားသမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းလျက်ရှိရာ ယခုအချိန်အထိ ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ လှူဒါန်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၃) သန်းခန့်ရှိပြီဖြစ်ပါကြောင်း၊ ထို့အပြင် ကိုရီးယားသမ္မတနိုင်ငံမှ အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ကုမ္ပဏီများမှ လှူဒါန်းမှုများလည်း ရှိပါကြောင်း၊

• ထိုကဲ့သို့ လှူဒါန်းပံ့ပိုးမှုများသည် မြန်မာနိုင်ငံပြည်သူများအတွက် များစွာ အကျိုးရှိစေပြီး မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုမြင့်မားစေရေးအတွက်လည်း အကျိုးရှိစေပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ကျန်းမာရေးကဏ္ဍတွင်သာမက အားကစားကဏ္ဍတွင်လည်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများ ရှိပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံမှ တိုက်ကွမ်ဒို၊ ဘောလုံးနှင့် ဘတ်စကတ် အားကစားနည်းပြများအနေဖြင့် မိမိတို့နိုင်ငံသို့ ပိုမိုလာရောက်ကာ မိမိတို့နိုင်ငံမှ အားကစားသမားများကို လေ့ကျင့်ပေးစေလိုပါကြောင်း၊

• ထို့အပြင် မိမိတို့နိုင်ငံမှ အားကစားသမားများကို ကိုရီးယားနိုင်ငံသို့ စေလွှတ်၍ ကာလတို လေ့ကျင့်ခြင်းများကို ပြုလုပ်သွားလိုပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် အလှူရှင်များမှ လှူဒါန်းမှုများကို ပြည်သူများ ရေရှည်မှတ်တမ်းတင်နိုင်ရန်နှင့် သိရှိနိုင်ရန်အတွက် လှူဒါန်းသည့် စက်ကိရိယာများနှင့် ပစ္စည်းများတွင် လှူဒါန်းသည့် အဖွဲ့အစည်းအမည်နှင့် တန်ဖိုးတို့ပါရှိသည့် အမှတ်အသားတံဆိပ်များကို ကပ်ထားစေလိုပါကြောင်း၊

 
 
 

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကပ်ရောဂါကာကွယ်ထိန်းချုပ်ဖို့ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျတပ်ဆင်ရေး စီမံချက်အသွင်လှုပ်ရှားမှုကို စတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယနေ့ ပေးအပ်လှူဒါန်းသည့် COVID-19 Antigen Test Device (၄၄,၀၀၀) ခုသည် မိမိတို့နိုင်ငံတွင် COVID-19 လူနာများကို စောစီးစွာရှာဖွေကုသမှုပေးနိုင်ရန်နှင့် ရောဂါကွင်းဆက် ဖြတ်တောက်နိုင်ရန် လုပ်ငန်းများအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa က ပြောကြားရာတွင် -

• လွန်ခဲ့သော အပတ်က ကျင်းပပြုလုပ်ခဲ့သော ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောင်မြင်မှုရရှိခဲ့ခြင်းကို ဝမ်းမြောက် စွာဂုဏ်ပြု ပါကြောင်း၊

• ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပစဉ်ကာလအတွင်း COVID-19 ကပ်ရောဂါအတွက် လိုအပ်သော ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဦးဆောင်မှုဖြင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူအသီးသီးက ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊

• ယနေ့အခမ်းအနားသည် အာဆီယံ-ကိုရီးယား ထိပ်သီးညီလာခံ ကျင်းပနေသည့် ကာလနှင့်တိုက်ဆိုင်နေပြီး ကိုရီးယားသမ္မတနိုင်ငံ၏ သမ္မတ Mr.Moon Jae-in က ယခင် New Southern Policy မှ New Southern Policy Plus သို့ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဟု ကြေငြာခဲ့ပါကြောင်း၊

• အဆိုပါမူဝါဒအသစ်တွင် ဦးစားပေးလုပ်ငန်းနယ်ပယ် (၇)ခုပါရှိပြီး ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊

• ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက် အကူအညီ လိုအပ်သော အာဆီယံနိုင်ငံများကို ထောက်ပံ့ရန်အတွက် ASEAN-Korea Cooperation Fund တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအား ယခုကဲ့သို့ ပထမဦးဆုံး ထောက်ပံ့ကူညီပေး ခြင်းဖြစ်ပါကြောင်း၊

• ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်မှုလက်ထက်တွင် ကျန်းမာရေးကဏ္ဍ၌ ကိုးရီးယား- မြန်မာ ပူးပေါင်းဆောင်ရွက်မှုသည် သိသာထင်ရှားစွာ တိုးတက်ခဲ့ပါကြောင်း၊

• ယမန်နှစ်က ပြည်ထောင်စုဝန်ကြီး၏ ကိုရီးယားသမ္မတနိုင်ငံ ခရီးစဉ်အတွင်း KOFIH, HIRA(Health Review and Assessment Service) နှင့် Yonsei University Medical School သို့လာရောက်ခဲ့မှုများသည် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ပေးခဲ့ ပါကြောင်း၊

• လက်ရှိအချိန်တွင်လည်း Seoul Clinical Laboratory နှင့် Yonsei University Health System တို့ပူးပေါင်း၍ COVID-19 အပါအဝင် အခြားကပ်ရောဂါ ကာကွယ်ထိန်းချုပ် ရေးစီမံခန့်ခွဲမှု အတွေ့အကြုံများကို မြန်မာနိုင်ငံသို့ အလုပ်ရုံဆွေးနွေးပွဲများမှတဆင့် မျှဝေပေးလျက်ရှိပါကြောင်း၊

• KOFIH မှလည်း COVID-19 Antigen test kit များနှင့် portable X-ray များကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊

• ထို့အပြင် KOFIH သည် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နသော ပမာဏ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ မကူးစက်နိုင်သောရောဂါများနှင့် ကူးစက်ရောဂါဆိုင် ရာ စွမ်းရည်မြှင့်တင်မှုလုပ်ငန်းများအတွက်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• လာမည့်နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ကိုရီးယားသမ္မတ နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးတက်ရောက်မည့် KOICA မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ microwave waste management unit လွှဲပြောင်းပေး အပ်မည့် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ First Secretary Ms. Oh You Na က ကိုရီးယားသမ္မတနိုင်ငံ၏ New Southern Policy Plus နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ KOFIH Myanmar Office မှ ဌာနေကိုယ်စားလှယ် Mr. Ahn Jong-soh က -

• ယခုပေးအပ်လှူဒါန်းမှုများမှာ ASEAN – Korea Cooperation Fund ဖြင့် မြန်မာနိုင်ငံအား ယခုကဲ့သို့ ပထမဦးဆုံးအဖြစ် ထောက်ပံ့ကူညီပေး ခြင်းဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအပါအဝင် ကျန်းမာရေးကဏ္ဍလုပ်ငန်းများတွင် ရှေ့ဆက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

     ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံမှ ASEAN – Korea Cooperation Fund (AKCF) ဖြင့် လှူဒါန်းပေးအပ်သည့် အမေရိကန်ဒေါ်လာ (၄၂၅,၃၆၀) တန်ဖိုးရှိ COVID-19 Antigen Test Device (၄၄,၀၀၀) ခုကို မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Lee Sang-hwa က ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် က မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 
 

More Tags