COVID-19 ဓာတ်ခွဲစစ်ဆေးဆောင်ရွက်မှု လက်ရှိအခြေအနေနှင့် ရှေ့မျှော်မှန်းတွက်ဆ ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေးခြင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သည့် COVID-19 ဓာတ်ခွဲ စစ်ဆေးဆောင်ရွက်မှု လက်ရှိအခြေအနေနှင့် ရှေ့မျှော်မှန်းတွက်ဆ ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေးခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ရာတွင် -

• COVID-19 ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် စောစီးစွာကုသမှုပေးနိုင်ရေးနှင့် ရောဂါကွင်းဆက် ဖြတ်တောက်နိုင်ရန်အတွက် COVID-19 လူနာများကို ဓာတ်ခွဲစစ်ဆေးဖော်ထုတ်ခြင်းနှင့် လူနာနှင့်ထိတွေ့ခဲ့သူများအားရှာဖွေထောက်လှမ်းမှုတို့သည် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊

• ရောဂါကာကွယ်ထိန်းချုပ်ရာတွင် အရေးကြီးသည့် ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများအတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ပုံမှန်ထိန်းသိမ်းမှုနှင့် ဓာတ်ခွဲပစ္စည်းများ ပြတ်တောက်ခြင်းမရှိစေရန်တို့ကို စနစ်တကျ လုပ်ဆောင်လျက်ရှိပါကြောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဆေးသုတေသနဦးစီးဌာနတို့သည် COVID-19 ဓာတ်ခွဲစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်နေမှုလက်ရှိအခြေအနေကို ဘက်စုံမှ ဆန်းစစ်သုံးသပ်ကာ လိုအပ်ချက်များနှင့်အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 
 
 

• တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်အလိုက် ဓာတ်ခွဲနမူနာများအား သက်ဆိုင်ရာ ဓာတ်ခွဲခန်းများသို့ ပေးပို့နေမှုအခြေအနေ၊ ဓာတ်ခွဲပစ္စည်းများ ဖြန့်ဝေထားရှိမှု၊ သုံးစွဲမှု၊ လက်ကျန်စာရင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ်မည့် အခြေအနေ၊ ဝယ်ယူထားရှိမှုနှင့် လှူဒါန်းလက်ခံရရှိမှု ပစ္စည်းများ စသည်တို့ကို စာရင်းပြုစုခြင်း၊ ဆန်းစစ်သုံးသပ်ခြင်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဓာတ်ခွဲနမူနာများ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရာတွင် ခရီးအကွာအဝေးနှင့် ပို့ဆောင်ရသည့် ပုံစံအခြေအနေနှင့် အချိန်ကြာမြင့်မှုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊

• မြို့နယ်များမှ ဓာတ်ခွဲနမူနာများပေးပို့ရာတွင် ကူးစက်မှုကွင်းဆက်ဖြတ်တောက်ရန် အရေးကြီးသည် ဓာတ်ခွဲနမူနာကို အခြားဓာတ်ခွဲနမူနာများနှင့် ကွဲပြားစေရန် အမှတ်အသားပြုလုပ်ပေးပို့ စေလိုပါကြောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းများ၊ COVID-19 ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်နေသည့် ဓာတ်ခွဲ ဌာနများ၏ အရည်အသွေးကို ထိန်းသိမ်းရန်အတွက် အကဲဖြတ်ဆန်းစစ်မှုပုံစံ (checklist) များ ပေးပို့ကာ လိုအပ်ချက်နှင့် အားနည်းချက်များ ဖော်ထုတ်ဖြည့်ဆည်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ဓာတ်ခွဲစက်ပစ္စည်းကိရိယာများ ဝယ်ယူရာတွင် သက်ဆိုင်ရာ စက်နှင့် တွဲဖက်အသုံးပြုရမည့် ဓာတ်ခွဲပစ္စည်းများ၏ စရိတ်စက၊ ဓာတ်ခွဲစစ်ဆေးမှုကြာချိန်၊ အသုံးပြုရလွယ်ကူမှု၊ ဓာတ်ခွဲအဖြေတိကျ မှန်ကန်မှုနှင့် စက်ပစ္စည်း ထိန်းသိမ်းပြင်ဆင်မှု လိုအပ်ချက် စသည့်အချက်များဖြင့် နှိုင်းယှဉ်ချိန်ဆကာ ဝယ်ယူရမည်ဖြစ်ပါကြောင်း၊

• ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများသည် ရေရှည်ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်သဖြင့် လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုကိစ္စရပ်များကိုလည်း စနစ်တကျဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များအား အတတ်နိုင်ဆုံး ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ပြည်သူ့ကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာဌာနများနှင့် ဓာတ်ခွဲဌာနများတွင် COVID-19 ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေများ၊ ဓာတ်ခွဲစစ်ဆေးမှု အမျိုမျိုးတို့၏ အားသာချက်နှင့် အားနည်းချက်များ၊ ဓာတ်ခွဲစက် ပစ္စည်းများ တပ်ဆင်အသုံးပြုရန် ကြာမြင့်ချိန်နှင့် လုပ်ငန်းအဆင့်များ၊ ဝယ်ယူထားရှိမှုနှင့် လှူဒါန်းရရှိသည့် ဓာတ်ခွဲစက်ပစ္စည်းများစာရင်းနှင့် ဓာတ်ခွဲပစ္စည်းလက်ကျန် စာရင်းများ၊ ရေရှည် အတွက် ထပ်မံလိုအပ်မည့် ဓာတ်ခွဲပစ္စည်းများ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုများနှင့် လိုအပ်ချက်များ ကိုလည်းကောင်း၊

     ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဆေးသုတေသနဦးစီးဌာန ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေများ၊ ဝယ်ယူထားရှိမှုနှင့် လှူဒါန်း ရရှိသည့် ဓာတ်ခွဲစက်ပစ္စည်းများစာရင်းနှင့် ဓာတ်ခွဲပစ္စည်းလက်ကျန်စာရင်းများ၊ ရေရှည်အတွက် ထပ်မံလိုအပ်မည့် ဓာတ်ခွဲပစ္စည်းများ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုများနှင့် လိုအပ်ချက် များကိုလည်းကောင်း၊

 

 
 
 

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်က တိုင်းဒေသကြီး/ ပြည်နယ်အလိုက် COVID-19 ဖြစ်ပွားကူးစက်မှု အခြေအနေများနှင့် ဓာတ်ခွဲနမူနာပေးပို့နေမှုအခြေအနေများအား လည်းကောင်း၊

     ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာထင်လင်းက ဓာတ်ခွဲစက်ပစ္စည်းများနှင့် ဓာတ်ခွဲပစ္စည်းများ ဝယ်ယူထားရှိမှု၊ လှူဒါန်းလက်ခံရရှိမှုနှင့် ဖြန့်ဖြူးထားရှိမှု အခြေအနေများ၊ ထပ်မံမှာယူထားသည့် ပစ္စည်းများ ဦးစားပေး မျှော်မှန်းတွက်ဆဝယ်ယူမည့်ပစ္စည်းများ နှင့် ပတ်သက်၍ လည်းကောင်း၊

     ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက ဓာတ်ခွဲစစ်ဆေးခြင်းဆိုင်ရာ အစီအစဉ်များ ပိုမိုကောင်းမွန်စေရေး အကြံပြုချက်များကိုလည်းကောင်း၊

     ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က - GeneXpert စက်များ အသုံးပြုကာ COVID-19 စစ်ဆေးနေမှုအခြေအနေများ၊ စက်များနှင့် တွဲဖက်အသုံးပြု ရသည့် ဓာတ်ခွဲပစ္စည်းများ ရရှိမှုနှင့် ထပ်မံလိုအပ်မည့် အခြေအနေများအား လည်းကောင်း၊

     ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ရန်ကုန်တိုင်းဒေသကြီးတွင် ဓာတ်ခွဲစစ်ဆေးမှု အမျိုးမျိုးဖြင့် စစ်ဆေးဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း အသီးသီးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများက COVID-19 ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးနှင့် ရေရှည်ဆောင်ရွက်နိုင်ရန် အတွက် အကြံပြုချက်များနှင့် မျှော်မှန်းတွက်ဆချက်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

     ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး တို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• ယခုကဲ့သို့ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အရေးကြီးသည့် ဓာတ်ခွဲစစ်ဆေးမှုများကို မိမိတို့၏ အရေးကိစ္စသဖွယ် အလေးထား အားထုတ်ဆောင်ရွက်နေကြသူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• ယနေ့ အစည်းအဝေးတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ရေရှည်ဆက်လက်ဆောင်ရွက်ရန်အတွက် မိမိတို့တွင် ရှိသော အရင်းအမြစ်များနှင့် ချိန်ထိုးတွက်ဆဆွေးနွေးချက်များသည် ကောင်းမွန်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပံ့ပိုးဆောင်ရွက်နိုင်သည်များကို အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

 

 
 

More Tags