COVID-19 ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါကစနစ်တကျ ထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု ဗဟိုအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော "COVID-19 ကာကွယ်ဆေး ပေါ်ပေါက် ရရှိပါကစနစ်တကျ ထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု ဗဟိုအဆင့်အစည်းအဝေး" သို့ တက်ရောက်ခဲ့ ပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -

• ကမ္ဘာ့နိုင်ငံများတွင် အစွမ်းထက်မြက်သည့် COVID-19 ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်အတွက် ကမ္ဘာ့ နိုင်ငံများနှင့် ကုမ္ပဏီအများအပြားမှ ကြိုးစားဆောင်ရွက်လျက်ရှိပြီး ယခုအချိန်အထိ မည်သည့် နိုင်ငံ၊ မည်သည့် ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေး တစ်မျိုးမျိုးတွင်မျှ တတိယအဆင့် လက်တွေ့ စမ်းသပ် သုတေသနပြုမှု (phase-3 clinical trial) ကို အလုံးစုံ ပြီးမြောက်ခြင်းမရှိသေးပါကြောင်း၊

• ထိုသို့ လက်တွေ့စမ်းသပ်သုတေသနပြုမှုများ အောင်မြင်ပြီးစီးပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက မိမိတို့နိုင်ငံတွင် ရရှိထိုးနှံနိုင်ရေးအတွက် အစီအစဉ်များ စနစ်တကျ ချမှတ်ထားပါရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ထားပါကြောင်း၊

 

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါကစနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက်

• မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC)၊

• အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) နှင့်

• မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group-CTWG) များကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့များထံမှ အကြံပြုချက်များ ရယူကာ စနစ်တကျ ပြင်ဆင် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊

• ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရကာ အာနိသင်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသည့် COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံများက အပြိုင်အဆိုင် ဝယ်ယူကြမည် ဖြစ်ပါကြောင်း၊

• ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရည်အသွေးပြည့်ဝသော ကာကွယ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံနိုင်ရေး အတွက် ရန်ပုံငွေများ အဓိကထောက်ပံ့ပေးနေသည် Gavi, The Vaccine Alliance အဖွဲ့အနေဖြင့် COVAX Facility မှတစ်ဆင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID-19 ကာကွယ်ရေး ရရှိစေရေး ပံ့ပိုးမည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မိမိအနေဖြင့် Gavi, The Vaccine Alliance အဖွဲ့၏ အရှေ့တောင်အာရှဒေသနှင့် အရှေ့ပစိဖိတ်ဒေသဆိုင်ရာ ဘုတ်အဖွဲ့ဝင် အဖြစ်ဆောင်ရွက်နေပြီး ဘုတ်အဖွဲ့ဝင်များအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးများ ရရှိနိုင်ရေး အလေးထားဆွေးနွေးထားပါကြောင်း၊

• COVID-19 ကာကွယ်ဆေးရွေးချယ်ရာတွင်လည်း ရောဂါကာကွယ်နိုင်စွမ်းရည်ထက်မြက်မှု၊ အရည်အသွေး ပြည့်ဝမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု စသည့်အချက်များကို သိပ္ပံနည်းကျ အထောက်အထား ခိုင်လုံမှုရှိစွာဖြင့် လေ့လာဆန်းစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

 

 

• COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း၌ COVID-19 ဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ ဓာတ်ခွဲပစ္စည်းများနှင့် ရောဂါကာကွယ်ရေးအသုံးအဆောင်များ စသည်တို့ကို လျင်မြန် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိပြီး COVID-19 ကာကွယ်ဆေး ပေါ်ပေါက်လာပြီးနောက် ဝယ်ယူရာ တွင်လည်း အဆိုပါဝန်ကြီးဌာနများ၏ ပံ့ပိုးကူညီမှု များဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေး ရရှိလာပါက ရရှိသည့် အရေအတွက်ပမာဏ၊ ကာကွယ်ဆေး၏ ရောဂါကာကွယ် ပေးနိုင်သည့် အချိန်ကာလအတိုင်းအတာ၊ ကာကွယ်ဆေးများ ထားသိုနိုင်ရန်အတွက် အအေးလမ်းကြောင်း စနစ်များ အခြေအနေ၊ လူနာများကို ကိုင်တွယ်ကုသနေရသည့် ကျန်းမာရေး ဝန်ထမ်းများကဲ့သို့ ရောဂါ ကူးစက်နိုင်ချေများပြားသူများ၊ အသက်အရွယ်ကြီးပြီး ရောဂါအခံရှိသူများ၊ နေရာဒေသအလိုက် ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေအပါအဝင် အခြေအနေအရပ်ရပ်ကို ဘက်စုံခြုံငုံစဉ်းစားကာ ဦးစားပေးထိုးနှံမည့် အုပ်စုများ သတ်မှတ်မည်ဖြစ်ပြီး ကာကွယ်ဆေးအရေအတွက် ပိုမိုရရှိလာပါက အဆင့်ဆင့်တိုးချဲ့ ထိုးနှံသွားမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် အာနိသင်မပြည့်ဝသည့် ကာကွယ်ဆေးများ တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာ နိုင်သည်ဖြစ်သဖြင့် အစားအသောက်နှင့်ဆေးဝါးကပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် ကြီးကြပ် စစ်ဆေးမှုနှင့် ပြည်သူများထံ အသိပညာပေးမှုများကိုလည်း လုပ်ဆောင်မည် ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပြီးပါကလည်း နိုင်ငံတစ်ဝန်းလုံး ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုမှာ ကာကွယ်ဆေးရရှိမှုပမာဏအပေါ်မူတည်၍ အချိန်တိုအတွင်း မပြီးစီးနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လက်ရှိရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစည်းကမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်နေရမည်ဆိုသည့် အရေးကြီးအချက်ကိုလည်း ပြည်သူများထံ ဆက်လက်၍ အသိပညာပေးမည် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ကို ပိုမိုတိုးချဲ့ဖွဲ့စည်းထားခဲ့ပြီး ပညာရှင်ကြီးများ ထပ်မံထည့်သွင်းကာ ဆက်လက်တိုးချဲ့ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊

• တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်အနေဖြင့် COVID-19 ကာကွယ်ဆေးဆိုင်ရာကိစ္စရပ်များ အပါအဝင် ကာကွယ်ဆေးအမျိုးမျိုးဆိုင်ရာ နိုင်ငံတကာလေ့လာတွေ့ရှိချက်အသစ်များကို အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ ပေးပို့ကြရမည်ဖြစ်ပါကြောင်း၊

 

 

• ကာကွယ်ဆေးများသည် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍအတွက် အထူးအရေးကြီးသဖြင့် ကာကွယ်ဆေးဆိုင်ရာဘာသာရပ်ကို ပြည်သူ့ကျန်းမာရေးမဟာဘွဲ့သင်တန်းတွင် ပိုမိုထည့်သွင်း သင်ကြားခြင်း၊ ဆေးနှင့်ဆေးနှီးနွှယ် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ကျမ်းများတွင် ကာကွယ်ဆေးဆိုင်ရာများ ပိုမိုပြုလုပ်ခြင်းနှင့် ကာကွယ်ဆေးဘာသာရပ် ဒီပလိုမာ (Diploma in Vaccinology) သင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊

• ယခင်ပြုလုပ်ခဲ့သော ကာကွယ်ဆေးဆိုင်ရာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ကျမ်းများ၊ သုတေသလေ့လာမှုများကို ပြန်လည်ဆန်းစစ်ကာ ယခုအခြေအနေအချိန်အခါနှင့်အညီ ပြန်လည်ပြုလုပ်သင့်သည့် သုတေသန လေ့လာမှုများကိုလည်းဆောင်ရွက်ကြစေလိုပါကြောင်း၊

• ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အသုံးချသုတေသနများကိုလည်း မဖြစ်မနေ ပိုမိုလုပ်ဆောင်ကြစေလိုပါကြောင်း၊

• COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လက်တွေ့ဆောင်ရွက်နိုင်မည့် အကြံပြုချက်များကို ရယူရန်အတွက် ယနေ့အစည်းအဝေးကို ပြုလုပ်ရခြင်းဖြစ်ပြီး တက်ရောက် လာကြသည့် ပညာရှင်ကြီးများအနေဖြင့် ပွင့်လင်းစွာဆွေးနွေးပြောကြားစေလိုပါကြောင်း ပြောကြားခဲ့ ပါသည်။

     ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများက COVID-19 ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါကစနစ်တကျ ထိုးနှံ ပေးနိုင်ရေးအတွက် အစီအစဉ်များနှင့် ပတ်သက်၍-

• ကမ္ဘာ့နိုင်ငံများ၊ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းနေသည့် နိုင်ငံများ၊ ကျန်းမာရေး အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပညာရှင်ကြီးများ၊ အလှူရှင်အဖွဲ့အစည်းများ၊ ကာကွယ်ဆေး ထုတ်လုပ်သူများစသည်ဖြင့် ပါဝင်သည့် COVAX Facility ၏ COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက သက်သာသောဈေးနှုန်းဖြင့် အချိုးကျဝယ်ယူနိုင်မည့် နိုင်ငံများတွင် မြန်မာနိုင်ငံအကြုံးဝင်ပါဝင်မှု၊

• လက်ရှိတွင် ကမ္ဘာ့နိုင်ငံများ၌ လေ့လာသုတေသနပြုနေသည့် အလားအလာရှိသော COVID-19 ကာကွယ်ဆေးများ၊

• COVID-19 ကာကွယ်ဆေးပေါ်ပေါက်လာပါက ဦးစားပေးလူအုပ်စုအမျိုးအစား အဆင့်အလိုက် ကာကွယ်ဆေးထိုးနှံရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များ၊

• COVID-19 ကာကွယ်ဆေး ထုတ်လုပ်ရောင်းချနိုင်သည့် နိုင်ငံများနှင့် ဆွေးနွေးထားရှိမှုများ၊

• COVAX Facility မှ Gavi - The vaccine alliance ၏ပံ့ပိုးမှုဖြင့် ရရှိနိုင်မှု၊ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဝယ်ယူရရှိနိုင်မှုနှင့် ပုဂ္ဂလိက ကာကွယ်ဆေးထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြေအနေများကို ဆန်းစစ်သုံးသပ်ခြင်း၊

• ဝန်ကြီးဌာန၏ ကာကွယ်ဆေးဖြန့်ဝေထိုးနှံနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်အခြေအနေဆန်းစစ်ထားရှိမှု၊

• သက်ဆိုင်ရာ ကုမ္ပဏီအလိုက် ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးအမျိုးအစား အလိုက် ထားသိုရမည့် အပူချိန် နှင့် အအေးလမ်းကြောင်းစနစ်များ၊

• ဝန်ကြီးဌာန၏ ကာကွယ်ဆေးသိုလှောင်ထိန်းသိမ်းမှု အအေးလမ်းကြောင်း စနစ်များအခြေအနေ၊

• ကာကွယ်ဆေးထိုးနှံပေးမည့်သူများအား မွမ်းမံသင်တန်းပြုလုပ်မည့်အစီအစဉ်၊

• နည်းပညာပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊

     ကာကွယ်ဆေးအရည်အသွေးဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေးပံ့ပိုး ဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါ ဗေဒနှင့် အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများကို ဖွဲ့စည်းကာ ဆွေးနွေးမှုများပြုလုပ်ထားရှိမှုနှင့် အဆိုပါ ဆွေးနွေးမှု များမှ ထွက်ပေါ်ခဲ့သော အကြံပြုချက်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။

 

 

     ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group) ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက -

• ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေသည့် COVID-19 ကာကွယ်ဆေးအမျိုးအစားအလိုက် အောင်မြင်မှု အတိုင်းအတာအခြေအနေများ၊

• COVID-19 ကာကွယ်ဆေးရရှိမှု ပမာဏအပေါ်မူတည်၍ နေရာဒေသအလိုက် ရောဂါပျံ့နှံ့မှုအခြေအနေ၊ လူနာများကို ကိုင်တွယ်ကုသနေရသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ အခြားသော ရောဂါကူးစက်နိုင်ချေ များပြားကာ ရောဂါပြင်းထန်နိုင်သည့် အန္တရာယ်ရှိသူများ စသည့်အချက်များဖြင့် ဦးစားပေးထိုးနှံ ပေးသင့်သည့် အဆင့်များသတ်မှတ်ကာ အဆင့်ဆင့် ထိုးနှံနိုင်ရေး၊

• ပုဂ္ဂလိက ကဏ္ဍကို ပိုမိုပူးပေါင်းပါဝင်စေရေးအကြံပြုချက်များ၊

• ပုဂ္ဂလိက ကဏ္ဍအနေဖြင့်လည်း အရည်အသွေးပြည့်ဝသည့် COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေး အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆောင်ရွက် ရမည့် လုပ်ငန်းများ၊

• COVID-19 ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲဖြစ်ရပ်များကို စနစ်တကျ စောင့်ကြပ်ကြည့်ရှုမှုစနစ် ပြင်ဆင်ဆောင်ရွက်ရန်၊

• အခြားသော ကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင် စနစ်တကျထိုးနှံခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ COVID-19 ကာကွယ်ဆေးအတွက် ဆန်းစစ်သုံးသပ်ချက်များ၊

• ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ သုတေသနများ ပိုမိုပြုလုပ်သွားနိုင်ရေး အကြံပြုချက်များ စသည်တို့ကို အသီးသီးအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် -

• ယခုကဲ့သို့ အကြံပေးဆွေးနွေးမှုများကို အလေးအနက်ထား သုံးသပ်ကာ ထိုမှတစ်ဆင့် COVID-19 ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာ လမ်းပြမြေပုံကို ရေးဆွဲသွားမည်ဖြစ်ပါကြောင်း၊

• ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် အသေးစိတ် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်ခြင်း၊ မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့တို့ထံ တင်ပြဆောင်ရွက်ခြင်းကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊

• အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့နှင့် တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းမှ တာဝန်ရှိသူများအနေဖြင့် COVID-19 ကာကွယ်ဆေးဆိုင်ရာ တိုးတက်မှု အခြေအနေများကို မျက်ခြေမပြတ်လေ့လာကာ ဝန်ကြီးဌာနထံသို့ အကြံပြုတင်ပြခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးပေါ်ပေါက်ပြီးနောက်တွင်လည်း တစ်နိုင်ငံလုံးအတိုင်း အတာနှင့် ထိုးနှံရန်မှာ ကာကွယ်ဆေးရရှိမှုပမာဏ အပေါ်မူတည်၍ အချိန် ကြာမြင့်နိုင်မည်ဖြစ်ခြင်း၊ ရောဂါပိုး၏ မျိုးဗီဇပြောင်းလဲလာနိုင်ခြင်း၊ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေနိုင်ခြင်း၊ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် လျင်မြန်စွာကူးစက်သည့် ရောဂါ ဖြစ်ခြင်း စသည့်အချက်များကြောင့် ပြည်သူများ အနေဖြင့် ယခုကျင့်သုံးလျက်ရှိသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို မဖြစ်မနေ ဆက်လက်လိုက်နာ ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ တာဝန်ရှိသူများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ (National Immunization Technical Advisory Group - NITAG) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ပါသည်။

 

More Tags