(၂၀၂၀) ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ကြမည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မဲရုံဝန်ထမ်းများအား COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဆင့်ပွားသင်တန်းပို့ချခြင်း အခမ်းအနား ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ(၂၇)ရက်

     ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် မဲရုံဝန်ထမ်းများအား အထွေထွေရွေးကောက်ပွဲကျင်းပရေး လုပ်ငန်းစဉ်အဆင့်ဆင့်တွင် COVID-19 ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ရမည့် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဆင့်ပွားသင်တန်းကို အောက်တိုဘာလ (၂၇) ရက်နေ့ နံနက် (၉)နာရီမှစတင်၍ Video Conferencing(Zoom Meeting) ဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆင့်ပွားသင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်မိုး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ကျန်းမာရေးမှူး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မြို့နယ်ပေါင်း (၁၁)မြို့နယ်တို့မှ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ကျန်းမာရေးမှူးများ၊ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်များမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ (၂၀၂၀) ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ကူးစက်ဖြစ်ပွားမှု မရှိစေရေး အတွက် ဆောင်ရွက်ရမည့် ထိန်းချုပ်ရေးလုပ်ငန်းများအား သိရှိနားလည်စေရန် ရည်ရွယ်၍ အစည်းအဝေးအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့သည်။ ထိုနောက်တွင် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်မှလည်း ရွေးကောက်ပွဲ မကျင်းပမီ ဆောင်ရွက်ထားရှိရမည့် အခြေအနေများ၊ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ ထိုနောက် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ) ဒေါက်တာကျော်ကျော်လင်းမှ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးကျော်မိုးမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်း များနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးကျော်စွာထွန်းမှ မဲဆန္ဒရှင်များအသုံးပြုရန် တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (တီဘီ၊အနာကြီး) ဒေါက်တာနန်းဆောင်ခမ်းမှ ကြိုတင် ဆန္ဒမဲပေးခြင်းအတွက် ပြင်ဆင်ထားရှိမှုများ (Quarantine Center များတွင် မဲပေးခြင်း၊ Home Quarantine ကာလအတွင်း မဲပေးခြင်း၊ အသက်(၆၀)နှစ်နှင့်အထက်ရှိ ပုဂ္ဂိုလ်များမဲပေးခြင်း) နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် အထွေထွေဆွေးနွေးခြင်း အပိုင်းအား ဆက်လက်ပြုလုပ်ခဲ့ပြီး မရှင်းလင်းသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

 


     ထို့နောက် ဒုတိယပိုင်းအနေဖြင့် ရှင်းလင်းတင်ပြခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာဝင်းလဲ့ထွဋ်မှ ဆန္ဒမဲ ပေးရမည့်နေ့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ (မဲရုံတာဝန်ကျ ဝန်ထမ်းများနှင့် လုပ်အားပေးများ လိုက်နာဆောင်ရွက်ရန် အချက်များ၊ မဲပေးရန်လာရောက်သည့် မဲဆန္ဒရှင်များ လိုက်နာ ရမည့်အချက်များ)နှင့် ပတ်သက်၍လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး၊ကူးစက်) ဒေါက်တာလင်းထွဋ်ဦးမှ မဲရုံများတွင် ပိုးသတ်သန့် စင်ခြင်းဆိုင်ရာ လိုက်နာရမည့်အချက်များ၊ မဲဆန္ဒရှင်များတွင်အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အဖျားရှိသော မဲဆန္ဒရှင်များနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အချက်များ၊ မဲရုံပြင်ဆင် ထားရှိမှု ဆန်းစစ်ခြင်းပုံစံများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အထွေထွေဆွေးနွေးခြင်းအပိုင်းတွင် မြို့နယ်ရွေးကောက်ပွဲအရာရှိများ၊ မြို့နယ်များမှတာဝန်ရှိ ပုဂ္ဂိုလ်များမှ သိလိုသည့်အချက်များ၊ မရှင်းလင်းသည့် အချက်များကို မေးမြန်းခဲ့ကြရာ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။နိဂုံးချုပ်အနေဖြင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ COVID-19 ကာလအတွင်း ဆောင်ရွက်သည့် (၂၀၂၀)ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ သတင်းပေးပို့နိုင်ရေးတို့အား လမ်းညွှန်မှာကြား ပြီးနောက် ဆင့်ပွားသင်တန်းအား နေ့လည်(၁)နာရီတွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

 

More Tags