Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၂၆) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားရာတွင် -

• ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် အလှူငွေ ကျပ် (၂၅၀) သိန်းကို Coronavirus Disease 2019 ( COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ပြည်ထောင်စုဝန်ကြီးမှ လွှဲပြောင်းလှူဒါန်းခဲ့ပြီး မိမိတို့ဝန်ထမ်းများအနေဖြင့် စေတနာသဒ္ဓါတရားရှိသည့်အလျောက် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းမှုမျှမပါဘဲ တတ်အားသမျှ ဝိုင်းဝန်းစုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပါကြောင်း၊

 

 

• မိမိဌာန ဝန်ထမ်းတစ်ဦးချင်းစီ၏ စိတ်စေတနာမှ ဖြစ်ပေါ်လာသော အလှူဒါန ဖြစ်သောကြောင့် မိမိဝန်ထမ်းများအတွက် များစွာဂုဏ်ယူမိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာတွင် -

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာလုပ်အားပေးများ အားလုံးတို့က ကိုဗစ်ရောဂါလူနာများအား အသက်ကြီးငယ်မရွေး၊ ကျား/မ မရွေး၊ ရောဂါအခံရှိသူ/ ကျန်းမာရေးကောင်းသူ၊ လူမျိုး၊ ဘာသာမရွေး၊ ဝင်ငွေနည်း/များ၊ ကျေးလက်/မြို့ပြ စသည့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကိုဗစ်ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းကို နေ့မအား၊ ညမနား ဆောင်ရွက်ပေးနေကြသည့်အတွက် ပြည်သူများက နိုင်ငံတော်၏ သူရဲကောင်းများအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုလျက် ရှိပါကြောင်း၊

• ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း အခြေခံပညာကျောင်းများ၊ နည်းပညာနှင့် သက်မွေးကျောင်း/ သိပ္ပံများ၊ တက္ကသိုလ်များ၊ ဦးစီးဌာနများနှင့် ဝန်ကြီးဌာနမိသားစုများက စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ငွေလှူဒါန်းခြင်း၊ နည်းပညာဆိုင်ရာပစ္စည်း Robot Trolley, Drone with Speaker, Thermometer, Hand Spray စသည်နှင့် အကူအညီ ပေးအပ်ခြင်း၊ Volunteer လုပ်အားဒါနပေးခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ပါဝင်ကူညီ လှူဒါန်းပေးလျက်ရှိပါကြောင်း၊

• ယနေ့တွင်လည်း ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၏ စေတနာအလျောက် လှူဒါန်းငွေကျပ် (၁၆၇) သိန်း ကို လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

• ခွင့်ပြုလက်ခံပေးပါသော ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများအားလုံးတို့ကို အထူးကျေးဇူးတင် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း ပြောကြားပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် -

• ယခုကဲ့သို့ ဝန်ထမ်းများက မည်သူတစ်ဦးတစ်ယောက်မျှတိုက်တွန်းခြင်းမရှိဘဲ မိမိတို့၏စေတနာ အလျောက် လှူဒါန်းခြင်းသည် မွန်မြတ်လှပြီး မိမိအနေဖြင့် COVID-19 နှင့် ပတ်သက်၍ ရှေ့တန်းမှဆောင်ရွက်နေသော ဆရာဝန်၊ သူနာပြု၊ ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများအားလုံး၏ကိုယ်စားလက်ခံခြင်းဖြစ်ပြီး ကျေးဇူးတင်ရှိပါကြောင်း၊

• ဤလှူဒါန်းမှုအပြင် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဘက်စုံပံ့ပိုးမှုများသည် ရောဂါကူးစက်မှုများကို ထိန်းချုပ်သွားနိုင်ရန်အတွက် အဓိကကဏ္ဍမှ ပါဝင်သည် ဆိုသည့်အချက်ကို သိရှိစေလိုပါကြောင်း၊

 

• သို့ဖြစ်၍ လက်ကိုင်အသံချဲ့စက်များအသုံးပြုကာ ကျန်းမာရေးအသိပညာပေးနှိုးဆော်ပြောကြားရာ၌ ဈေးများ၌ ဈေးရောင်းသူများမှ လည်းကောင်း၊ စက်ရုံ/ အလုပ်ရုံများ၌ စက်ရုံအလုပ် သမားများကလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာများ၌ ရပ်ကွက်/ကျေးရွာ လူကြီးများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ လည်းကောင်း၊ ဘုန်းကြီးကျောင်းများ၌ ဘုန်းတော်ကြီးများက လည်းကောင်း အစရှိသည်ဖြင့် ကိုယ်တိုင်ပါဝင်ပြောကြားပါကပိုမိုထိရောက်ကာ လိုက်နာဆောင်ရွက်ကြမည်ဟု ထင်မြင်ပါကြောင်း၊ ပြောကြားရန် အချက်များကိုလည်း ဝန်ကြီးဌာနမှ ရေးသား ပြုစုပြီး ဖြစ်ပါကြောင်း၊

• ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေး၌လည်း ရောဂါ ဖြစ်ပွားသူကိုယ်တိုင်က ပညာပေးဟောပြောမှု ပြုလုပ်ခြင်းသည် အလွန်ထိရောက်ကြောင်းကို တွေ့ရှိရခဲ့ပါကြောင်း၊

• ဤကပ်ရောဂါကူးစက်မှုများ မည်မျှကြာရှည်စွာရှိနေမည်ဆိုသည့် အချက်မှာ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာ်အပေါ် မူတည်နေပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု များလျှင်များသလို ရောဂါကူးစက်ဖြစ်ပွားမှုကာလတိုတောင်းမည်ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ရေးနည်းလမ်းများသည် အခြား အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများကိုကာကွယ်နိုင်သဖြင့် ယခုကဲ့သို့ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ တို့တွင် ဖြစ်ပွားကူးစက်သည့် "ရာသီတုပ်ကွေးရောဂါ" ကိုပါ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     လှူဒါန်းမှု အခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် အလှူငွေ ကျပ် (၂၅၀) သိန်းနှင့် ပညာရေးဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းများမှ စုပေါင်းလှူဒါန်းငွေကျပ် (၁၆၇) သိန်းတို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လက်ခံခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

More Tags