Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်

      Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

     ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

 

 

• Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား နေ့မနား၊ ညမအား ကြိုးပမ်းဆောင်ရွက်နေသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုအားပေးသည့်အနေဖြင့် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများက လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

 

 

• မိမိတို့မြန်မာနိုင်ငံ၌ ကမ္ဘာ့ကပ်ရောဂါ COVID-19 အား ရင်ဆိုင်တုံ့ပြန်ကြရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ ပါသည်။

     ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

 

 

• မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်သည့် အနေဖြင့် ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

• မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဟိုတယ်နေရာများနှင့် လူနာများအားကိုင်တွယ်ကုသပြီး အလုပ်ချိန်ပြီးဆုံး၍ နေအိမ်ပြန်ရ သည့့်အခါ မိသားစုဝင်များထံသို့ မကူးစက်စေရန်အတွက် အိမ်မပြန်လိုသည့် ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန် ဟိုတယ်နေရာများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -

 

 

• ယခုကဲ့သို့ လှူဒါန်းမှုများအတွက် ရှေ့တန်းမှ အစွမ်းကုန်ကြိုးပမ်း တာဝန်ထမ်းဆောင်ကာ COVID-19 လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နေသော ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပြောင်းလဲလျက်ရှိသော ရောဂါပိုး၏ သဘောသဘာဝ၊ ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်၊ မိမိတို့တွင်ရှိသော အရင်းအမြစ်အခြေအနေစသည့် အခြေအနေအရပ်ရပ်တို့ကို အမြဲဆန်းစစ် သုံးသပ်ကာ လုပ်ငန်းနည်းဗျူဟာများကို မွမ်းမံပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံ၌ COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ထိရောက်သော ကာကွယ်ဆေး ထွက်ပေါ်လာသည့် အချိန်မတိုင်မီကာလအထိ ကူးစက်မှုလှိုင်းငယ်များရှိနိုင်သဖြင့် ရောဂါကာကွယ်ရေး စည်းကမ်းများကို အထူးအလေးထားလိုက်နာကြရန် အရေးကြီးပါကြောင်း၊

• မြန်မာနိုင်ငံတွင် COVID-19 သေဆုံးလူနာများ၏ ၉၅ ရာခိုင်နှုန်းသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးနှင့် သွေးကြောရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စသည့် နာတာရှည်ရောဂါရှိသူများ ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ချိန်တွင်လည်း အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်ရသည့် တစ်အိမ်တည်းနေသူများထံမှ ရောဂါကူးစက်နိုင်ပါကြောင်း၊

• သို့ဖြစ်၍ နာတာရှည်ရောဂါရှိသူများနှင့် သက်ကြီးရွယ်အိုများအနေဖြင့် တစ်အိမ်တည်းနေထိုင်သူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားစားသောက်ခြင်းနှင့် အိပ်စက်ခြင်းတို့ကို လိုက်နာ ဆောင်ရွက် ကြစေလိုပါကြောင်း၊

• ယခုကဲ့သို့သော လှူဒါန်းမှုများသည် ဝန်ကြီးဌာန၏ ဆေးရုံများ၌ အထူးကြပ်မတ်ကုသဆောင်များ၊ အောက်ဆီဂျင်ပိုက်လိုင်းများ အဆင့်မြှင့်တင်ခြင်းပြုလုပ်ရာ၌လည်းကောင်း၊ အခြားသော ဆေးရုံပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများအတွက်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သဖြင့် ရေရှည် ကာလအတွက်လည်း များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

     လှူဒါန်းမှု အခမ်းအနားတွင် -

• ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး မိသားစု၊ မြန်မာ့မီးရထား၊ စီးပွားရေးရာဌာနနှင့် သွားလာပို့ဆောင်ရေးဌာနမှ ဝန်ထမ်းများက လှူဒါန်းငွေကျပ် (၁၀၀) သိန်း၊

• သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ထမ်းများက လှူဒါန်းငွေကျပ် (၂၆,၈၅၃,၀၀၀)၊

• ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဝန်ထမ်းများက လှူဒါန်းငွေကျပ် (၃,၅၃၀,၀၀၀)၊

• ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများက လှူဒါန်းငွေကျပ် (၄၂) သိန်း၊

• အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းမိသားစုများက လှူဒါန်းငွေကျပ် (၁၀) သိန်း၊

• လွိုင်ကော်တက္ကသိုလ်မိသားစုက လှူဒါန်းငွေကျပ် (၁,၃၂၁,၀၀၀)၊

• တောင်ကြီးတက္ကသိုလ်မိသားစုက လှူဒါန်းငွေကျပ် (၃,၀၀၅,၀၀၀)၊

• ရတနာပုံတက္ကသိုလ်မိသားစု လှူဒါန်းငွေကျပ် (၇,၄၇၅,၀၀၀)၊

• ဦးထင်ကျော်၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ (တောင်ကြီး) နှင့် ဇနီး ဒေါ်နန်းမွှေး သားသမီး မြေးတစ်စုက လှူဒါန်းငွေကျပ် (၁၀) သိန်း၊

• ဦးသက်ရှည်+ဒေါ်မြင့်မြင့်သူမိသားစု၊ FMI City ၊ လှိုင်သာယာက လှူဒါန်းငွေကျပ် (၁၀) သိန်းတို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တို့က လက်ခံခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

 

More Tags