ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး တွင် လက်ရှိဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှု အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက -

• ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် လက်ရှိ၌ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား ဘက်စုံဆန်းစစ်သုံးသပ်မှု များပြုလုပ်ခြင်းနှင့် ရှေ့ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအရပ်ရပ်ကို တွက်ဆကာ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များကို မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် ဆွေးနွေးခြင်းများ ပြုလုပ်ကြရန် ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြောင်းလဲလျက်ရှိသည့် အခြေအနေအရပ်ရပ်၊ ဝန်ကြီးဌာနမှ ရရှိသော အရင်းအမြစ်နှင့် လုပ်ဆောင်နိုင်သည့် အတိုင်းအတာတို့အပေါ်မူတည်၍ နည်းဗျူဟာနှင့် လုပ်ငန်းစဉ်များကို တသမတ်တည်းမဟုတ်ဘဲ မွမ်းမံပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းလမ်းညွှန် (guideline) များကိုလည်း နောက်ဆုံးတွေ့ရှိချက်အသစ်များ၊ ပြောင်းလဲလာသည့် အခြေအနေများနှင့် အညီ အမြဲဆန်းစစ်မွမ်းမံလျက်ရှိပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ တွဲဖက်တာဝန်ထမ်းဆောင်နေသူများနှင့် စေတနာ့ဝန်ထမ်းများအားလုံး သည် ပြည်သူများအကျိုးအတွက် နေ့မနား၊ ညမအား ဆောင်ရွက်နေကြသည့်အပေါ် ဝန်ကြီးဌာနကိုယ်စား အထူးကျေးဇူးတင်ရှိ အသိအမှတ်ပြုပါကြောင်း၊

 

 

• ယခုအခါ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို Cobas 6800 စက်များ၊ RT PRC စက်များ၊ GeneXpert စက်များ နှင့် စစ်ဆေးခြင်းအပြင် Rapid Antigen Diagnostic Test Kit များဖြင့် စစ်ဆေးခြင်းများကိုပါ ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိရာ ယခုရက်ပိုင်းတွင် ရောဂါပိုးရှိသူအရေအတွက် ပိုမိုတွေ့ရှိ လာမည်ဖြစ်ကာ ဓာတ်ခွဲအတည်ပြုလူနာများနှင့်ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေခြင်း လုပ်ငန်းများ ပိုမိုထိရောက်လာမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါထိန်းချုပ်မှုများ ပိုမိုထိရောက်မည် ဖြစ်ပါကြောင်း၊

• လူနာများလွှဲပြောင်းပို့ဆောင်မှု၊ အသွားအလာကန့်သတ်ခံထားသူများအား စိစစ်ခွဲခြားသတ်မှတ် ထားရှိခြင်း၊ အသွားအလာကန့်သတ်ခံထားသူများ နှင့် စောင့်ကြည့်လူနာများ၏ အခြေ အနေနှင့် ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုကုသမှုပေးခြင်း၊ အသွားအလာကန့်သတ်ရာနေရာ (quarantine site) များတွင် နာတာရှည်ရောဂါအခံရှိသူများအား ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုခြင်းဆိုင်ရာ လုပ်ငန်းအဆင့် (flowchart) များကို ပြုစုဖြန့်ဝေခြင်း၊ စောင့်ကြည့်လူနာများနှင့် အသွားအလာကန့်သတ်မှုခံထားသူများ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အန္တရာယ်ရှိသည့် ရောဂါလက္ခဏာများနှင့် ထိုသို့ရောဂါလက္ခဏာတစ်မျိုးမျိုးဖြစ်ပွားပါက အကြောင်းကြားဆက်သွယ်ရမည့်သူ စသည့် အချက်အလက်များကို ၎င်းတို့ထံ ဖြန့်ဝေထားခြင်း၊ ဓာတ်ခွဲအဖြေများ အချိန်မီရရှိခြင်း၊ ကုသမှုပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ အချိန်နှင့်တစ်ပြေးညီချမှတ်ခြင်းနှင့် ကုသမှုပိုင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံး လုပ်နည်းများအား လူနာများအား ကုသမှုပေးနေသူများထံ ဖြန့်ဝေခြင်း တို့သည် အထူးအရေးကြီးပါကြောင်း၊

• အဆိုပါအချက်များအား ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ပညာရှင်များ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေရေး လိုအပ်ချက်ပို ကြိုတင်တွက်ဆရှိကာ တောင်းခံခြင်း နှင့် အခြားပံ့ပိုးပေးရန် လိုအပ်ချက်များ တောင်းခံခြင်း တို့ကို တယ်လီဖုန်း၊ အီးမေးလ်တို့ဖြင့် ချက်ချင်း အကြောင်းကြာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

 

• အောက်ဆီဂျင်မပြတ်လပ်စေရေးအတွက် ဆေးရုံများတွင် ပိုက်လိုင်းများတပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး အောက်ဆီဂျင်ထုတ်လုပ်သူများနှင့် ကြိုတင်စာချုပ်ချုပ်ဆို လုပ်ဆောင် ကြရမည် ဖြစ်ပါကြောင်း၊

• ဆေးရုံများတွင် ကြတ်မတ်ကုသရန်လိုအပ်သူများအတွက် High Dependency Unit များနှင့် အထူးကြပ်မတ်ကုသဆောင်များ တိုးချဲ့ပြင်ဆင်နေခြင်းသည် ကောင်းမွန်ပြီး လိုအပ်သည့် ပံ့ပိုးမှုများအား ချက်ချင်းတောင်းခံရန်ဖြစ်ပြီး ချက်ချင်းပံ့ပိုးပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က -

• ရောဂါပြန့်ပွားကူးစက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် သံသယလက္ခဏာရှိသူများအနေဖြင့် သက်ဆိုင်ရာသို့ ကိုယ်တိုင် ဖုန်းသတင်းပေးပို့ခြင်း (self-reporting) ကို လုပ်ဆောင်မှုသည် အရေးကြီးမှု၊
• ထိုသို့ဆောင်ရွက်ကြရန်အတွက် အသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကာ ၎င်းတို့အား Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်း၊ အိမ်တွင် အသွားအလာကန့်သတ်ခြင်း (home quarantine)၊ သတ်မှတ်နေရာ အဆောက် အဦ တွင် အသွားအလာကန့်သတ်ခြင်း၊ (facility quarantine center)၊ ပြည်သူလူထုအခြေပြုကာ သတ်မှတ် နေရာ အဆောက်အဦများတွင် အသွားအလာကန့်သတ်ခြင်း (Community based facility quarantine) တို့အား အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်လုပ်ဆောင်ရန် နှင့် ကုသမှု လိုအပ်သူများအား စောင့်ကြပ်ကြည့်ရှုကုသမှုပေးရန် အစီအစဉ်၊
• ဖျားနာလူနာကုဆေးခန်း (Fever clinic) များကို ပိုမိုစနစ်ကျစွာဖြင့်ပြင်ဆင်ကာ ပြုလုပ်နိုင်ရေး အစီအစဉ်ရေးဆွဲနေမှု တို့ကိုလည်းကောင်း၊

 

 

      ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက -

• ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 လူနာများထားရှိရန် လူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင်များ ပြင်ဆင်ပြီးစီးမှု အခြေအနေနှင့် Portable X-ray စက်များလိုအပ်မှုနှင့်
• လူနာများ၏ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖြည့်သွင်းရန် စီစဉ်ထားရှိမှုကိုလည်းကောင်း၊

     ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုးက -

• ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများနှင့် ကုသရေးဌာနများတွင် ပြင်ဆင်ထားရှိမှု အခြေအနေများ၊
• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် အကန့်အသတ်ရှိမှု၊ COVID-19 ကုသရေးဌာနများ ယခုထက်ထပ်မံ တိုးချဲ့ရန် သင့်/ မသင့် စဉ်းစားသုံးသပ်ရန် လိုအပ်နေမှု၊
• ဆေးရုံနှင့် အသွားအလာကန့်သတ်ရာနေရာများမှ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖြည့်စွက်ပေးရန်အတွက် စေတနာ့ဝန်ထမ်းများ နှင့် ချိတ်ဆက်ထားရှိမှုနှင့်
• ကျန်းမာရေးဝန်ထမ်းများကို အသက်ရှူစက်အသုံးပြုမှု မွမ်းမံသင်တန်းနှင့် PPE စနစ်တကျဝတ်ဆင်အသုံးပြုမှု မွမ်းမံသင်တန်းများ ပေးအပ်နေမှု တို့ကိုလည်းကောင်း၊

 

 

     ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက -

• ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများတွင် လူနာများ လက်ခံကုသမှုပေးခဲ့သည့် အခြေအနေနှင့် လက်ရှိတွင် ကုသမှုပေးနေသည့် လူနာအရေအတွက်၊
• သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံနှင့် အင်းစိန်ပြည်သူ့ဆေးရုံတို့တွင် လုံခြုံရေးအတွက် ပြင်ပကုမ္ပဏီအား ဌားရမ်းခြင်း သက်တမ်းတိုးမြှင့်ရန်နှင့် အသစ်ခေါ်ယူရန်နှင့်
• ရန်ကုန်တိုင်းဒေသကြီးတွင် အချက်အလက်များဖြည့်စွက်ရန်အတွက် Mobile Tablet များဖြန့်ဝေထားသည့် အစီအစဉ် တို့အားလည်းကောင်း၊

     ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က -

• လက်ရှိတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှု အမျိုးမျိုးဆောင်ရွက်နေမှု၊
• Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်အား မြို့နယ်များတွင် အသုံးပြုရန်အတွက် မွမ်းမံပြင်ဆင်နေမှုနှင့်
• RT PCR စက် (၃) လုံး တိုးချဲ့တပ်ဆင်နိုင်ရန် တင်ဒါခေါ်ယူဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊

     ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်) ဒေါက်တာထွန်းတင်က -

• Rapid Antigen Diagnostic Test Kit များကို ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတွင် အရေအတွက်တိုးမြှင့် ဖြန့်ဝေပေးရန်လိုအပ်မှုအား လည်းကောင်း အသီးသီးတင်ပြခဲ့ကြပြီး အစည်းအဝေးသို့တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခြင်းနှင့် လိုအပ်ချက်များကို တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -

• ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တိုးချဲ့ထားသည့် COVID-19 လူနာဆောင်အတွက် လိုအပ်သည့် Portable Xray စက်များကို ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက -

• Remdesivir ဆေးနှင့် အခြားလိုအပ်သော ဆေးဝါးများကို လုံလောက်စွာပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက -

• သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံနှင့် အင်းစိန်ပြည်သူ့ဆေးရုံတို့တွင် လုံခြုံရေးအတွက် ပြင်ပကုမ္ပဏီအား ဌားရမ်းခြင်းအား သက်တမ်းတိုးမြှင့်ရန်နှင့် အသစ်ခေါ်ယူရန်တို့မှာ ကောင်းမွန်သဖြင့် ဖြည့်ဆည်း သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြည့်ဆည်းပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ရာတွင် -

• လုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရပ်ပိုင်းဆိုင်ရာ ကိုက်ညီဆီလျော်မှုသာမက ကပ်ရောဂါဗေဒ သဘောတရား၊ အရင်းအမြစ်များ ရရှိမှုအခြေအနေနှင့် လက်တွေ့လုပ်ဆောင်နိုင်သည့် အတိုင်းအတာတို့ကိုပါထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ကပ်ရောဂါဖြစ်စဉ်တွင် လုပ်ငန်းအလိုက် မည်သူကဆောင်ရွက်သည်ဖြစ်စေ ပြည်သူများ အကျိုးအတွက်ဟူသည့် တူညီသည့် ဦးတည်ချက်တစ်ခုအတွက် ဆောင်ရွက်နေကြခြင်း ဖြစ်သည်ဟု သဘောထားကာ သတင်းအချက်အလက်များ မျှဝေခြင်း၊ စနစ်တကျ ချိန်သားကိုက်ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

More Tags