Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ အောက်တိုဘာလ (၅) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

ရှေးဦးစွာ အလှူရှင်များက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၏ ဇနီး ဒေါ်လွင်လွင်မှန်က -

• ယခုကဲ့သို့ မြန်မာနိုင်ငံ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရင်းအမြစ်များစွာ အသုံးပြုဆောင်ရွက်ရသည်ဖြစ်ရာ မိမိအနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်ရှိ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၏ ဇနီးများမှ စုပေါင်းဖွဲ့စည်းထားသော Asia Pacific Women's association (APWA), Brussels အဖွဲ့မှ လှူဒါန်းငွေများကို လာရောက်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ရှေ့တန်းမှ ကြိုးပမ်းထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအား ကျေးဇူးတင်ရှိပြီး ကျန်းမာဘေးကင်းကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်မှ ကိုယ်စားလှယ်တစ်ဦးက -

• မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်အနေဖြင့် ယခုကဲ့သို့ ဗဟိုကော်မတီသို့ လှူဒါန်းခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါကြောင်း၊

• မိမိတို့အနေဖြင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင်လည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -

• ယခုကဲ့သို့ လှူဒါန်းမှုများသည် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊
• COVID-19 ကူးစက်မှုများသည် ယခုဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှု လှိုင်းများ ရှိလာနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အလေးအနက်ထားကာ ဆက်လက်လိုက်နာ ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊

• COVID-19 အတွက် ထိရောက်အစွမ်းထက်သော ကာကွယ်ဆေးများ ပေါ်ထွက်လာပြီး ပြည်သူများအစုထိုးနှံပြီးမှသာ COVID-19 ကူးစက်မှုလှိုင်းများ ထပ်မံမဖြစ်ပွားတော့မည် ဖြစ်ပါကြောင်း၊

• ယခုလက်ရှိအချိန်၌ COVID-19 ကပ်ရောဂါကို အကောင်းဆုံး ကာကွယ်၊ ထိန်းချုပ်နိုင်သည့် နည်းလမ်းမှာ အတတ်နိုင်ဆုံး နေအိမ်တွင်သာနေထိုင်ခြင်းနှင့် မဖြစ်မနေ အိမ်ပြင်ပသို့ သွားရပါက ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို မဖြစ်မနေတပ်ဆင်ခြင်းဖြစ်ပါကြောင်း၊

• COVID-19 ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာမရှိသူများထံမှ အခြားသူများထံသို့ ရောဂါကူးစက်ခံရနိုင်သဖြင့် ပြည်သူများ အထူးသဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါစသည့် နာတာရှည်ရောဂါရှိသူများအနေဖြင့် နေအိမ်တွင်သာနေထိုင်ပြီး အခြားအတူနေသူများနှင့် ခပ်ခွာခွာနေထိုင်ခြင်းနှင့် သီးခြားအိပ်စက်ခြင်း တို့ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊

• ယနေ့ လှူဒါန်းပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် အဆိုပါ အချက်များအား စကားလက်ဆင့်ပွားခြင်းနှင့် ဝေမျှခြင်းများ ပြုလုပ်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

     လှူဒါန်းမှု အခမ်းအနားတွင် -

• Asia Pacific Women's association (APWA), Brussels က ယူရိုငွေ (၂,၃၅၇)၊
• မြန်မာနိုင်ငံလုံးဆိုင်ရာ ဂေါ်ရခါးအဖွဲ့ချုပ်နှင့် ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်က ကျပ်ငွေသိန်း (၅၀၀)၊
• ဦးသစ်လွင်လေး+ ဒေါ်ခင်သက်ဦး၊ အေလာမြို့က ကျပ်ငွေသိန်း (၂၀)နှင့်
• CSA -2 (အထက်မြန်မာပြည်) ကျောင်းသား/သူများက ကျပ်ငွေသိန်း (၁၀) တို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

More Tags