Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား ပြည်ထောင်စုဝန်ကြီးလက်ခံ

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၉) ရက်

     Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် စက်တင်ဘာလ (၂၉) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့ပါသည်။

ရှေးဦးစွာ အလှူရှင်များက လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ -

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက -

• မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေချိန်၌ နိုင်ငံတစ်ဝန်းလုံးရှိ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများက တစ်တပ်တစ်အား စုပေါင်းပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

     ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က -

• လက်ရှိတွင် မိမိတို့နိုင်ငံ၌ COVID-19 ကပ်ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများဆောင်ရွက်ရာတွင် အရင်းအမြစ်များ လိုအပ်ချက်ကြီးမားနေသဖြင့် မိမိကိုယ်တိုင် ပါဝင်သည့် "သိပ္ပံချွန် မိသားစု လူမှုရေးအသင်း" က ပါဝင်လှူဒါန်းခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက -

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအတွက် မိမိတို့မိသားစုက စုပေါင်းပါဝင်လှူဒါန်းခြင်းဖြစ်ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းလှူဒါန်းမှုများ ပြုလုပ်နိုင်ရန် အတွက် စီစဉ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့ရာတွင် -

• ယခုလက်ရှိအချိန်၌ COVID-19 ကပ်ရောဂါကို အကောင်းဆုံး ကာကွယ်၊ ထိန်းချုပ်နိုင်သည့် နည်းလမ်းမှာ အတတ်နိုင်ဆုံး နေအိမ်တွင်သာနေထိုင်ခြင်းနှင့် မဖြစ်မနေ အိမ်ပြင်ပသို့ သွားရပါက ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို မဖြစ်မနေတပ်ဆင်ခြင်းပင်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါပိုးရှိနေပြီး ရောဂါလက္ခဏာမရှိသူများထံမှ အခြားသူများထံသို့ ရောဂါကူးစက်ခံရနိုင်သဖြင့် ပြည်သူများ အထူးသဖြင့် ဆီးချိုရောဂါနှင့် နာတာရှည်ရောဂါရှိသူများ အနေဖြင့် နေအိမ်တွင်သာ သီးခြားနေထိုင်သင့်ပါကြောင်း၊

• ယခုကဲ့သို့ လှူဒါန်းမှုများသည် ယခု COVID-19 ဖြစ်စဉ်တွင် လူနာများအတွက် အသုံးပြုနိုင် မည်သာမက ရေရှည်တွင် ကျန်းမာရေးစနစ်ပိုမိုခိုင်မာတောင့်တင်းစေမည့် အရင်းအနှီး အထောက်အပံ့များ ဖြစ်သဖြင့် အကြိမ်ကြိမ်အကျိုးရှိနေမည်၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေအရင်းအမြစ်များ မြန်ဆန်စွာထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးနေသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပြည်ပမှ ပံ့ပိုးမှုများကို ချိတ်ဆက်ရယူဆောင်ရွက် ပေးနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ ပါသည်။

 

 

     လှူဒါန်းမှု အခမ်းအနားတွင် -

• စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစုများကိုယ်စား ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လှူဒါန်းငွေကျပ် (၈၇၅)သိန်းကို လည်းကောင်း၊
• သိပ္ပံချွန်မိသားစုလူမှုရေးအသင်းကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လှူဒါန်းငွေကျပ် (၈၅)သိန်းကိုလည်းကောင်း၊

 

• ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း+ဒေါ်မာမာဆွေ၊ သား ဦးအောင်ခိုင်+ဒေါ်နှင်းနှင်းရီ၊ ဦးစိုးထွန်း+ ဒေါ်မြကြေးမုံ၊ ဒေါက်တာမင်းထင်+ ဒေါက်တာသဇင်ဝင်း၊ ဦးအေးချို + ပြည့် မိသားစုက လှူဒါန်းငွေကျပ် (၃၀) သိန်းကိုလည်းကောင်း အသီးသီးပေးအပ် လှူဒါန်းခဲ့ခြင်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ပါသည်။

More Tags