ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ လှည့်လည်ကြည့်ရှုစစ်ဆေး

ရန်ကုန်မြို့၊ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၂၆)ရက်

     ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သော ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ ညွန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ကုသရေးဦးစီးဌာနနှင့် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) တို့သည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးတွင် ဓါတ်ခွဲအတည်ပြုလူနာအများဆုံး တွေ့ရှိရသော သင်္ယန်းကျွန်းမြို့နယ် COVID-19 ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးအောင်ထိုက်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစောအောင်ရွှေဖြူ၊ အဖွဲ့ဝင် ရပ်မိရပ်ဖ ဦးထိန်လင်း၊ မြို့နယ် Community Based Facility Quarantine (CBFQ) တာဝန်ခံများဖြစ်သော ဒေါက်တာဝိုင်းမိုမိုကြွယ်၊ မြို့နယ်သူနာပြုဆရာမကြီး ဒေါ်စန်းစန်းဝေတို့နှင့် (၂၆-၉-၂၀၂၀) ရက်​နေ့၊  မွန်းလွဲ (၁:၀၀) နာရီတွင် Zoom Meeting ပြုလုပ်ပြီး ကူးစက်ရောဂါ ထပ်မံပြန့်ပွားမှု မရှိစေရေးနှင့် အခက်အခဲများ၊ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။   


     မွန်းလွဲ (၃:၀၀)နာရီတွင် သင်္ယန်းကျွန်းမြို့နယ်၏ Community Based Facility Quarantine (CBFQ) တစ်ခုဖြစ်သော အ-ထ-က (၁) သုဝဏ္ဏသို့ သွားရောက်ပြီး Quarantine ထားရှိမှုကို ကွင်းဆင်းလေ့လာပြီး တာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ​မြေပြင်အ​ခြေအ​နေနှင့် လိုအပ်ချက်များကို ​လေ့လာသုံးသပ်ခဲ့ကြပါသည်။  ထို့နောက် ဒေါက်တာမြင့်ဟန်နှင့် ဒေါက်တာစိုးလွင်ငြိမ်းတို့သည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူလူထုသွားလာနေမှုနှင့် မြို့တွင်း လက်ရှိအ​ခြေအ​နေများကို ​လေ့လာနိုင်ရန်အတွက် သင်္ယန်းကျွန်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ ဗဟန်းမြို့နယ်နှင့် တာ​မွေ မြို့နယ်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ခဲ့ကြပါသည်။

More Tags