COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့

     "COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အကြံပေးအဖွဲ့များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပွဲ" အား စက်တင်ဘာလ (၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် Videoconferencing စနစ်ဖြင့်ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကူးစက်)၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာကျော်မြင့် ဦးဆောင်သော နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြု အားဖြည့် ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာဖေသက်ခင် ဦးဆောင်သော COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင် သည့် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များနှင့် ကျန်းမာရေးစနစ်အပေါ် သက်ရောက်မှုများကို ကြိုတင်မှန်းဆပြင်ဆင် ဆောင်ရွက်နိုင်ရေး အကြံပေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးသို့ ရောက်ရှိနေသော ဗဟိုကွင်းဆင်းအဖွဲ့များ၊ ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော ဗဟို ကွင်းဆင်းအဖွဲ့များ၊ ဆေးရုံများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် -

• ယခုအချိန်သည် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသော အချိန်ကာလ ဖြစ်ပါကြောင်း၊

• ရန်ကုန်တိုင်းဒေသကြီးတွင် မိမိအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အစီအစဉ်ဖြင့် လုပ်ဆောင်နေသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်မှသာ (၂) ပတ်ကြာ ကာလတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာမည်ဖြစ်ပါကြောင်း၊

• လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများလည်း လာမည့် (၂၄) ရက်နေ့မှစ၍ ခေတ္တ ပိတ်ထားမည်ဖြစ်၍ ကူးစက်မှုများ ကျသွားမည်ပါကြောင်း၊

• ဆက်လက် ဖွင့်လှစ်ခွင့်ရရှိသော စက်ရုံ၊ အလုပ်ရုံများကိုလည်း ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ခြင်း ရှိ၊ မရှိအား တင်းကြပ်စွာ စိစစ်သွားမည်ဖြစ်ပါကြောင်း၊

• ဈေးများတွင် COVID-19 ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်ရေးကို ကြီးကြပ် ဆောင်ရွက်ပေးပါရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်များထံသို့ အကြောင်း ကြားထားပြီး စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေး လုပ်ငန်းများ၊ အသွားအလာကန့်သတ်ခြင်း (quarantine) လုပ်ငန်းများနှင့် လူနာနှင့်ထိတွေ့မှု ရှိခဲ့သူများအား ရှာဖွေဖော်ထုတ်ခြင်း (contact tracing) လုပ်ငန်းများတွင် ထပ်မံပံ့ပိုး အားဖြည့် ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဦးဆောင် သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ဝင် ((၂၃)ဦးပါဝင်သော ကွင်းဆင်းအဖွဲ့ (၃) ဖွဲ့ကိုလည်း စက်တင်ဘာလ (၁၅) ရက်တွင် စေလွှတ်ထားပြီး လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်နေသည်ကို တွေ့ရှိ ရပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ (CEU) မှ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများအား ဆန်းစစ်သုံးသပ်တင်ပြခြင်းအား အခြေခံ၍ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းဗျူဟာများကို အချိန်နှင့်တစ်ပြေးညီ မွမ်းမံဆောင်ရွက်လျက် ရှိပါကြောင်း၊

• COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုး ဆက်များနှင့် ကျန်းမာရေးစနစ်အပေါ် သက်ရောက်မှုများကို ကြိုတင်မှန်းဆပြင်ဆင် ဆောင်ရွက် နိုင်ရေး အကြံပေးအဖွဲ့ကို ဧပြီလ (၂၂) ရက်နေ့တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို စက်တင် ဘာလ (၁၃) ရက်နေ့တွင်လည်းကောင်း အသီးသီးဖွဲ့စည်းထားခဲ့ပါကြောင်း၊

• ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးတွင်ဖြစ်ပွားနေသော COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုနိုင်ရန် "နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့" ကိုလည်း စက်တင်ဘာလ (၂၀) ရက်နေ့ တွင် ထပ်မံဖွဲ့စည်း ထားခဲ့ပါကြောင်း၊

• အဆိုပါ အဖွဲ့များမှ အကြံပြုချက်များရယူ၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းနည်းဗျူဟာ များကို လိုအပ်သလို ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

 

• ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးရှုထောင့်၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်တို့မှ သာမက လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့်အညီ စီမံခန့်ခွဲမှုရှုထောင့်မှပါ ဆုံးဖြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်တစ်ခု၏ ရောဂါဖြစ်ပွားမှုနှင့် တုံ့ပြန်ဆောင်ရွက်မှု ဆန်းစစ်သုံးသပ် ချက်များကို ကျန်တိုင်းဒေသကြီး/ ပြည်နယ်များမှလည်း လေ့လာကာ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်နှင့် ကိုက်ညီပြီး ကောင်းမွန်သည့်အချက်များအား အတုယူလုပ်ဆောင် စေလိုပါ ကြောင်း၊

• လူနာများထံမှ ရောဂါကူးစက် ဖြစ်ပွားနိုင်ချေရှိသော်လည်း အနစ်နာခံကာ၊ နေ့မနား၊ ညမအား ကိုင်တွယ် ကုသပေးနေသည့် ဆေးပညာရှင်အမျိုးမျိုးနှင့် ပံ့ပိုးကူညီပေးနေသော စေတနာ့ ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• မိမိတို့နိုင်ငံတွင် COVID-19 ကပ်ရောဂါကူးစက်မှု ပထမလှိုင်း ဖြစ်ပွားပြီးနောက် ရောဂါ ကာကွယ်ရေး နည်းလမ်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခဲ့ပါကြောင်း၊

• COVID-19 သည် အသက်ရှူလမ်းကြောင်းမှ ကူးစက်ဖြစ်ပွားခြင်း၊ ရောဂါဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲမှုများရှိနေခြင်း၊ ရောဂါကူးစက်ခံထားရသော်လည်း ရောဂါလက္ခဏာမရှိသူများ ရှိခြင်း စသည့် အချက်များကြောင့် ယခု COVID-19 ကူးစက်မှု ဒုတိယလှိုင်းနောက်တွင်လည်း ကူးစက်မှု လှိုင်းများ ရှိလာနိုင်ပါကြောင်း၊ ဒုတိယလှိုင်း ပြီးဆုံးပြီးနောက်လည်း ပြည်သူများအနေ ဖြင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး ကမ္ဘာပေါ်တွင် ထိရောက်အစွမ်းထက်သော ကာကွယ်ဆေးများ ပေါ်ထွက်လာပြီး ပြည်သူများအစု ထိုးနှံပြီးမှသာ COVID-19 ကူးစက်မှုလှိုင်းများ ထပ်မံမဖြစ်ပွား တော့မည် ဖြစ်ပါကြောင်း၊

 

• သို့ဖြစ်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ထိရောက်သော ကာကွယ်ဆေးမပေါ်မီအချိန်အထိ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့်လည်း ပေါ့ဆမှု (လုံးဝ) မရှိဘဲ ရှေ့ဆက်လက်၍ ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြစေလိုပါကြောင်း၊

• ယနေ့ အစည်းအဝေးတွင် တက်ရောက်လာကြသူများက မိမိတို့၏ သုံးသပ်ချက် အမြင်များနှင့် အကြံပြုချက်များကို ပွင့်လင်းစွာဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က -

• တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေး အသုံးအဆောင်များအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် ဆောင်ရွက်နေမှု အခြေအနေများ၊

• နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဝယ်ယူနေမှုများ ကိုလည်းကောင်း၊

အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက -

• လက်ရှိတွင် Cobas 6800၊ RT PCR နှင့် GeneXpert စက်များ အသုံးပြုကာ ဓာတ်ခွဲ စစ်ဆေးနေမှု အခြေအနေများကိုလည်းကောင်း၊

ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က -

• ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့သည် နေ့စဉ် ညနေ (၅) နာရီတိုင်း Videoconferencing စနစ်ဖြင့် အစည်းအဝေးပြုလုပ်ဆွေးနွေးကာ လုပ်ငန်းများဆောင်ရွက်နေမှုများကိုလည်းကောင်း၊

 

"နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေး အဖွဲ့" ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာကျော်မြင့်က -

• အားလုံးညီညွတ်ပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် ဤ COVID-19 ကပ်ရောဂါကို အောင်မြင်နိုင် မည်ဖြစ်ပါကြောင်း၊

• COVID-19 သည် လုံးဝပပျောက်သွားခြင်းမျိုးမရှိဘဲ ကမ္ဘာပေါ်တွင် ဆက်လက်ရှိနေဦးမည် ဖြစ်သ ဖြင့် ရောဂါကာကွယ်ရန်အတွက် မိမိတို့အားလုံးသည် နေထိုင်မှုပုံစံအသစ်ဖြင့် လိုက်လျောညီထွေ စွာ နေထိုင်သွားရမည် ဖြစ်ကြောင်းကိုလည်းကောင်း၊

"COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုး ဆက်များနှင့် ကျန်းမာရေးစနစ်အပေါ် သက်ရောက်မှုများကို ကြိုတင်မှန်းဆ ပြင်ဆင်ဆောင်ရွက် နိုင်ရေး အကြံပေးအဖွဲ့" ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာဖေသက်ခင်က -

• COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း မရှိမဖြစ် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး၊ မကူးစက်တတ်သော ရောဂါများကြောင့် သေဆုံးမှုမမြင့်မား လာစေရေး၊ အခြားပြည်သူ့ကျန်းမာရေးဆိုင်ရာ အောင်မြင်ရရှိမှု အခြေအနေများကို ဆက်လက် ထိန်းသိမ်းနိုင်ရေး၊ သတင်းမီဒီယာများ၊ ပြည်သူများနှင့် ယခုထက် ပိုမိုဆက်သွယ် သတင်း ပြန်ကြားနိုင်ရေး၊ မျိုးဆက်သစ် ကျန်းမာရေးပညာရှင်များ၏ မျှော်လင့်ချက်၊ ခံစားချက်ကို သိနားလည်ရေးနှင့် အကာအကွယ်ပေးရေး ကိစ္စရပ်များကို လည်းကောင်း၊

 

ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက -

• ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် ဆက်စပ်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကုသရေးလုပ်ငန်း၊ အသွားအလာစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ အားဖြည့်ဆောင်ရွက်နေပုံ ကိုလည်းကောင်း၊

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးဒေါက်တာထွန်းမြင့်က -

• မြို့နယ်အလိုက် တာဝန်ယူဆောင်ရွက်နေသည့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုသည့် နေရာအဆောက်အဦများ၏ (CBFQ) စီမံခန့်ခွဲမှု အခြေအနေနှင့် လိုအပ်ချက်များ၊ ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးခြင်းနှင့် အဖြေ ပြန်လည်ရရှိမှု အခြေအနေများကိုလည်းကောင်း၊

 

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက -

• COVID-19 ကုသရေးဌာနအသစ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဓါတ်ခွဲအတည်ပြု စောင့်ကြည့်လူနာများနှင့် အသွားအလာကန့်သတ် စောင့်ကြည့်သည့် နေရာ များမှ သင့်လျော်သော ဆေးရုံ၊ ကုသရေးဌာနများသို့ ပို့ဆောင်ပေးနေမှုနှင့် ရင်ဆိုင်ရသည့် အခက် အခဲများကို လည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်း) ဒေါက်တာသန္တာလွင်က -

• ရန်ကုန်တိုင်းဒေသကြီး၌ မြို့နယ်အသီးအသီးက တာဝန်ယူ ဆောင်ရွက်နေသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်သည့် နေရာများတွင် သက်ဆိုင်ရာဌာနများမှ အားဖြည့်ဆောင်ရွက်ရန် အချက်များ၊ အသွားအလာ ကန့်သတ်စောင့်ကြည့် ခံရသူများ၏ သတင်းအချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်နိုင်ရေးကိုလည်းကောင်း၊

 

• ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ညွှန်ကြားရေးမှူး(ကူးစက်) တို့က စစ်တွေမြို့နယ်ရှိ ယာယီ စခန်းများ၊ တိုက်ပွဲရှောင်စခန်းများတွင် ရွေ့လျားဆေးခန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်မည့် အခြေအနေနှင့် ရောဂါကူးစက်မှုမရှိအောင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ အိမ်တွင်နေထိုင် ရေး (stay at home) အစီအစဉ်အရ လိုက်နာရမည့်အချက်များကို ပြည်သူလူထုက လိုက်နာ ဆောင်ရွက်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊

ဆေးပညာပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က -

• များပြားသော လူနာများအား ရက်ရှည်ကြာ ကုသမှုပေးနေရသော ဆေးပညာအထူးကုများ၊ သမားတော်များသည် ပင်ပန်းနွမ်းနယ်လျက်ရှိနေမှုနှင့် စိတ်ဓာတ်ရေးရာပံ့ပိုးမှုများ ဆောင်ရွက်နေမှု၊

• စောင့်ကြည့်လူနာများကို တစ်နေရာတည်းတွင် စုစည်းထားရှိနိုင်ရေးကိစ္စနှင့်

• အီလက်ထရောနစ်စနစ်သုံး လူနာမှတ်တမ်းစနစ်ကို သုံးစွဲရန် အဆင်သင့်ဖြစ်နေမှု အခြေအနေများကိုလည်းကောင်း၊

 

ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာမြင့်ဟန်က -

• မြန်မာနိုင်ငံ၏ ပဏာမကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် အလွန်အရေးကြီးသည့် ပြင်ပ အထွေထွေရောဂါကု ဆရာဝန်များ၏ အခန်းကဏ္ဍ၊ ဓါတ်ခွဲအတည်ပြုလူနာကို ကုသမှုပေးခဲ့ပါက ဆေးခန်းပိတ်လိုက်ရပြီး အသွားအလာကန့်သတ်ခြင်း ခံနေရ၍ ပြင်ပဆေးခန်းအများစု မဖွင့်သောကြောင့် နေမကောင်းသူများ၊ နာတာရှည် ရောဂါလူနာများအတွက် အခက်အခဲများ ရှိနေသည့် ကိစ္စရပ်များ၊

• လူနာများကိုယ်တိုင်ကလည်း မိမိ မိသားစုဝင်များနှင့် အခြားသူများကို မကူးစက် စေရေး တာဝန်ယူတတ်သည့် အလေ့အကျင့်၊ အပြုအမူများ ဖြစ်လာစေရေးကိစ္စ၊ ကူးစက်ဖြစ်ပွားသူ လူနာများ၊ ယခုထက် ပိုများပြားလာပါက ဆေးရုံတက်ကုသသင့်သည့် လူနာများကိုသာ ဆေးရုံ တင်ကုသပေးပြီး အချို့လူနာများကို သက်ဆိုင်ရာ နေအိမ်တွင်ထားရှိကာ စောင့်ရှောက်မှုပေးရေး ကိစ္စရပ်များကိုလည်းကောင်း၊

 

အစည်းအဝေးသို့ တက်ရောက်လာကြသူများက -

• ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနာ (၄၀၀) ထားရှိနိုင်သည့် COVID-19 ကုသရေးဌာန (သုဝဏ္ဏ)တွင် (၂၀) ခုတင်ပါဝင်သည့် အထူးကြပ်မတ်ကုသ (ICU) ဆောင်နှင့် ခုတင် (၈၀) ပါဝင်သည့် High Dependency Unit တို့ကို ဆောင်ရွက်သွားမည့် အစီအစဉ်အား တင်ပြခြင်း၊

• ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ အောင်မြင့်မိုရ်အိမ်ရာတွင် ခုတင် (၁,၅၀၀) ပါဝင်သည့် ယာယီ ဆေးရုံ တည်ဆောက်လုပ်ဆောင်နေမှု အခြေအနေများအား တင်ပြခြင်း၊

• သံသယ/ စောင့်ကြည့်လူနာအဖြစ် အဓိပ္ပာယ်သတ်မှတ်ချက်၊ ဆေးရုံတက်ရောက်ရန် သတ်မှတ်ချက်များအား မွမ်းမံသွားရန်အတွက် အကြံပြုချက်များတင်ပြခြင်း၊

• အသွားအလာကန့်သတ်ထားသူများနှင့် COVID-19 လူနာများ အရေအတွက် များပြားလျက် ရှိသဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပင်ပန်း နွမ်းနယ်နေမှုများကို တင်ပြခြင်း၊

• မြို့နယ်အဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများတွင် ကျန်းမာရေး ကဏ္ဍမှ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ခြင်း အားနည်းနေမှုများကို တင်ပြခြင်း၊

• မိမိအိမ်တွင်သာနေထိုင်ရေး (Stay at Home) အစီအစဉ် ချမှတ်ထားသော စစ်တွေမြို့နယ် တွင် စည်းကမ်းလိုက်နာမှုများ ပြန်လည်အားနည်းလျက်ရှိမှုကို တင်ပြခြင်း၊

• အသွားအလာကန့်သတ်ထားသူများ၊ သံသယ/ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြု လူနာများ၏ အချက်အလက်များကို ကွန်ပြူတာစနစ်ဖြင့် ထည့်သွင်းသွားရန် ကိစ္စရပ်များ တင်ပြခြင်း၊

• အချက်အလက်များ ထည့်သွင်းရန်အတွက် ကွန်ပြူတာတက္ကသိုလ် (ရန်ကုန်) မှ စေတနာ့ ဝန်ထမ်းများ ပါဝင်မည့်ကိစ္စအား တင်ပြခြင်း၊

• အသွားအလာကန့်သတ်သောနေရာများတွင် စည်းကမ်းလိုက်နာရေးအတွက် အသိပညာပေး ခြင်းများ ပိုမိုလုပ်ဆောင်သွားမည့် ကိစ္စရပ်များအား တင်ပြခြင်း၊

• ရခိုင်ပြည်နယ်ရှိ ယာယီစခန်းများတွင် ရွေ့လျားဆေးအဖွဲ့ (mobile clinic) များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများကို တင်ပြခြင်းတို့ကို လည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။

 

ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် ပတ်သက်၍ -

• သံသယ/ စောင့်ကြည့်လူနာအဖြစ် အဓိပ္ပာယ်သတ်မှတ်ချက်၊ ဆေးရုံတက်ရောက်ရန် သတ်မှတ် ချက်များအား မွမ်းမံသွားရန်အတွက် သက်ဆိုင်ရာ ပညာရှင်များ၏ အကြံပြုချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• COVID-19 လူနာများအား ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်သည်များ အတတ်နိုင်ဆုံး ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်သောနေရာများတွင် လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေး အသိ ပညာပေးခြင်းများဆောင်ရွက်ရမည်ဖြစ်ပြီး အသွားအလာကန့်သတ်ရက်ပြည့်မြောက်သူများအား ဆက်လက်လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ပေးဝေသွားရမည်ဖြစ်ပါကြောင်း၊

• အသွားအလာကန့်သတ်ထားရှိရာနေရာများစီမံခန့်ခွဲရာတွင် ကုသရေး၊ ပြည်သူ့ကျန်းမာရေးနှင့် စီမံခန့်ခွဲရေး ပညာရှင်များ သုံးသပ်တိုင်ပင် ဆောင်ရွက်စေလိုပါကြောင်း၊

• အသွားအလာကန့်သတ်ထားရှိရာနေရာများနှင့် COVID-19 ကုသရေးဌာနများတွင် တက်ရောက် နေသူများအနက် အခံရောဂါရှိ၍ ဆေးစွဲသောက်နေရသူများ ဆေးဝါးဖြတ်လပ်မှုမရှိစေရေး အတွက် သက်ဆိုင်ရာ ကျန်းမာရေးစီမံချက်များနှင့် ချိတ်ဆက်ဆောင်ရွက်စေလိုပါကြောင်း၊

• တိုင်းဒေသကြီး /ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် မြို့နယ် အဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများနှင့် ဆွေးနွေးမှုများကို တစ်ပတ် လျှင် (၂) ကြိမ်ခန့်ပြုလုပ်စေလိုပါကြောင်း၊

• မိမိနေအိမ်တွင်သာနေထိုင်ရေး (Stay at Home) အစီအစဉ်ကို လိုက်နာဆောင်ရွက်မှု အားနည်း နေခြင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ထံသို့ အကြံပြုချက်များ ပေးပို့ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အဖွဲ့များမှ ပြုလုပ်သည့် အစည်းအဝေးမှတ်တမ်းများအားလည်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်တို့ထံသို့ ပေးပို့ခြင်းနှင့် အဖွဲ့များ အချင်းချင်းဝေမျှခြင်းများ ပြုလုပ်စေလိုပါကြောင်း လမ်းညွှန်ပြောကြားခဲ့ ပါသည်။

More Tags