မြစ်ကြီးနားမြို့တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရေးပေါ်အခြေအနေအမျိုးမျိုးတွင် ဘက်စုံအသင့်ပြင်ဆင်ထားရှိနိုင်ရေးနှင့် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်း ကျင်းပပြုလုပ်

မြစ်ကြီးနားမြို့၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၁) ရက်

     ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Kachin Health Cluster Meeting) နှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရေးပေါ်အခြေအနေအမျိုးမျိုးတွင် ဘက်စုံအသင့်ပြင်ဆင်ထားရှိနိုင်ရေးနှင့် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်း (COVID-19 Preparedness and Response Table-Top Exercise) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၁၁) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါအစည်းအဝေးနှင့် စားပွဲဝိုင်းလေ့ကျင့်ခန်း ကို COVID-19 ရောဂါ ကာကွယ်တားဆီးရေးနည်းလမ်းများကို လိုက်နာကျင့်သုံး၍ Kachin Public Health Emergency Operation Centre (PHEOC) နှင့် ကချင်ပြည်နယ်အတွင်းရှိ မိတ်ဖက်အဖွဲ့အစည်းများ၏ ရုံးဌာနများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ မှ အင်တာနက် Zoom Meeting Video Conferencing စနစ်ဖြင့် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးနှင့် စားပွဲဝိုင်းလေ့ကျင့်ခန်းတွင် ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ဒုတိယပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာနော်ရှဲ(လ်)ထာ၊ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာလှိုင်လှိုင်ဌေးတို့က ဦးဆောင်၍ ပြည်နယ်ပြည်သူ့ကျန်းမာနှင့် ကုသရေးဦးစီးဌာနများမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ မြို့နယ်ကျန်းမာရေးမှူးများ၊ ကျန်းမာရေးမှူးများ၊ အင်တာနက်ရရှိသည့် မြို့နယ်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့်တာဝန်ရှိသူများ၊ WHO၊ UNFPA၊ UNOCHA၊ UNOPS၊ IOM၊ WFP၊ AHRN၊ MDM၊ MSF-H၊ MSI၊ IRC၊ IPAS၊ CPI၊ HPA၊ World Concern၊ Plan၊ PSI၊ HI၊ ICRC၊ MAM၊ Alliance Myanmar ၊ KBC၊ SARA၊ Metta၊ MHAA၊ KMSS၊ Shalom (Nyein)၊ MCC၊ CHAD၊ MMA၊ Rvwang Culture and Literature Society of Myanmar၊ Kachin Women's Association Thailand စသည့် ကျန်းမာရေး၊ အာဟာရ ၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးအစရှိသည့် ကဏ္ဍပေါင်းစုံများအဖွဲ့အစည်းများ လူဦးရေ (၈၇) ဦးကျော် ပါဝင်တက်ရောက်၍ တက်ကြွစွာဆွေးနွေးတိုင်ပင်ခဲ့ပြီး UNICEF ကချင်မှ ပံ့ပိုးကူညီခဲ့ပါသည်။

     အခမ်းအနားအစီအစဉ်အရ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောင်မြင်စွာပြီးမြောက်ခဲ့ရာ ပုံမှန်နှစ်လတစ်ကြိမ်ကျင်းပပြုလုပ်သည့်အစည်းအဝေးအပြင်၊ COVID-19ကာလအတွင်း ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်မှု ပိုမိုအားကောင်းစေရန်အတွက် ၊ ၂၀၂၀ ပြည့်နှစ် မတ်လ မှစတင်၍ Video Conferencing စနစ်ဖြင့် အစည်းအဝေးကို အပတ်စဉ်လုပ်ဆောင်လျက်ရှိကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ အားသာချက်၊ အားနည်းချက်များသာမက COVID-19 ကပ်ရောဂါကာလအတွင်း ပိုမိုအားဖြည့်လုပ်ဆောင်ရန်လိုအပ်သည့် အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ချိတ်ဆက်မှု အခြေအနေများကို လည်းကောင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

     ထို့နောက် နံနက် (၁၀:၀၀) နာရီမှ စတင်၍ COVID-19 Preparedness and Response Table-Top Exercise ကို စတင်ခဲ့ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပါဝင်သူများကို Zoom Break Out Rooms (Video Conferencing အခန်းငယ်များ) ခွဲ၍ COVID-19 ရောဂါလက်ရှိဖြစ်ပွားမှု အခြေအနေကို အခြေခံသည့် ဇာတ်လမ်းငယ် (၄)ပုဒ်ကို အဆင့်အလိုက် စနစ်တကျတုန့်ပြန်လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ လိုအပ်ချက်များကို ပြည်သူလူထု၊ ကျန်းမာရေးဝန်ဆောင်မှုပေးသူ၊ အခြားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ဆောင်မှုပေးသူစသည့် အနေအထားအမျိုးမျိုးအလိုက် ပြောင်းလဲသည့် အမြင်သဘောထားများအစရှိသဖြင့် ရင်းနှီးချစ်ကြည်စွာ တိုင်ပင်ဆွေးနွေး လေ့ကျင့်ခဲ့ကြပါသည်။

     အဆိုပါ အစီအစဉ်များကို ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးမှ ပါဝင်တက်ရောက်အားပေးခဲ့ပြီး တင်ပြချက်များအပေါ်သုံးသပ်အကြံပြုချက်ပေးခြင်း၊ ဆက်လက်၍ ယခုကဲ့သို့ လေ့ကျင်းခန်းများပြုလုပ်ပြီးနောက် ဆွေးနွေးချက်များအရ တွေ့ရှိရသော လိုအပ်ချက်များကို အမြန်ဆုံးကြိုတင်ဖြည့်ဆည်းခြင်းနှင့် နည်းဗျူဟာများကို မွမ်းမံပြင်ဆင်ခြင်း ၊ COVID-19 ရောဂါကာကွယ်ထိန်းချုပ်တုံ့ပြန်ရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာပူးပေါင်းဆောင်ရွက်ကြရန်၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်ရှိနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်၊ ဆေးနှင့် ဆက်စပ်ပစ္စည်များစသည်တို့ကို တင်ကြိုပြင်ဆင်ထားရှိရန်၊ ယာယီစစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် COVID-19ရောဂါကာကွယ်တားဆီးရေးနည်းလမ်းများကို စနစ်တကျလိုက်နာပြီး ပြည်နယ်/ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန Facebookစာမျက်နှာမှဖော်ပြသည့် သတင်းအချက်အလက်များကို ပြည်သူလူထုအတွင်းကျယ်ပြန့်စွာရောက်ရှိရန် ပူးပေါင်းဖြန့်ဝေခြင်း၊ ကောလဟာလ သတင်းမှားများ တိုက်ဖျက်ခြင်းတွင် ပူးပေါင်းပါဝင်ကြရန် စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပြီး အစီအစဉ်များကို ညနေ (၀၅: ၃၀) တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

More Tags