ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့

     "ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ပုံမှန်ညှိနှိုင်းအစည်းအဝေး" ကို ယနေ့၊ နံနက် (၉:၀၀) နာရီတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံများမှ ဆေးပညာအထူးကုဆရာဝန်ကြီးများ၊ ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ဗဟိုကွင်းဆင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် -

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် လူနာဆောင်များ ထပ်မံတိုးချဲ့နေမှု၊ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများအတွက် သီးသန့်နေထိုင်ရန် အဆောက်အဦနှင့်အဆောင်များ ရရှိရေး စီမံဆောင်ရွက်နေမှုတို့အား တင်ပြခြင်း၊

• လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်သူများသည် ရောဂါကူးစက်ခံ ရနိုင်ချေမြင့်မားသူများဖြစ်သဖြင့် နေအိမ်သို့ ပြန်လည်နေထိုင်ပါက နေအိမ်ရှိအတူနေမိသားစုဝင်များထံ ရောဂါကူးစက်နိုင်ချေရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအတွက် သီးသန့်နေထိုင်ရန် အဆောင် နေရာများ၊ စားသောက်ရန်နှင့် ပို့ဆောင်ရန် အစီအစဉ်များ တင်ပြခြင်း၊

• အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ အဆောင်များတွင် လူနာများအား ကိုင်တွယ်ကုသမှု ပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ နေထိုင်ရေး၊ စားသောက်ရေးနှင့် ပို့ဆောင်ရေးတို့ အတွက် စီစဉ်ထားရှိမှု အခြေအနေများ တင်ပြခြင်း၊

 

• ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ရိုးမအိမ်ရာအဆောက်အဦများတွင် ရောဂါလက္ခဏာ မရှိသူနှင့် သာမာန်ရောဂါလက္ခဏာသာရှိသည့် COVID-19 လူနာများထားရှိရန်အတွက် စီစဉ်နေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအတွက် လုပ်ငန်းဆောင်ရွက်ရန်နေရာ (work station) နှင့် နေထိုင်ရန် နေရာတို့ပါထည့်သွင်းစီစဉ်နေမှုများ တင်ပြခြင်း၊

• မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံဘောလုံးအကယ်ဒမီနေရာတွင် ယာယီဆေးရုံ (hospital tent) များပြုလုပ်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ နေထိုင်ရန်အတွက် အဆောင်နေရာများ စီစဉ်ရန် အဆိုပြုတင်ပြခြင်း၊

• တက္ကသိုလ်များဆေးရုံအား COVID-19 လူနာများထားရှိနိုင်ရေး အခြေအနေများ တင်ပြခြင်း၊

• ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံများမှ အထူးကုဆရာဝန်များ videoconferencing ဖြင့် ပုံမှန် ဆွေးနွေးမှုများ ပြုလုပ်နေမှုကို တင်ပြခြင်း၊

 

• လူနာကုသရေးဆိုင်ရာ ကုထုံးနှင့် စီမံခန့်ခွဲမှုများအား သုံးသပ်ဆန်းစစ်ခြင်း (clinical audit) နှင့် သေဆုံးလူနာများ၏ ရောဂါဖြစ်စဉ်၊ ရောဂါလက္ခဏာများနှင့် သေဆုံးရသည့်အကြောင်းအရင်းများအား သုံးသပ်ဆန်းစစ်ခြင်း (mortality audit) များကို အပတ်စဉ်ပုံမှန်ပြုလုပ်သွားမည့် အစီအစဉ်အားတင်ပြခြင်း၊

• COVID-19 ဓာတ်ခွဲစစ်ဆေးအတည်ပြုလူနာများ ဆေးရုံတက်ရောက်ကုသမှုခံယူစဉ်နှင့် ကုသမှုခံယူပြီး ဆေးရုံဆင်းချိန်များတွင် ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့်အဆင့်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များအား မေးမြန်းနိုင်ရန်အတွက် (patient information center) တစ်ခု ပြုလုပ်သွားလိုသည့် ကိစ္စအဆိုပြုတင်ပြခြင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်နိုင်ရေး အတွက် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများထပ်မံလိုအပ်နေမှုအား တင်ပြခြင်း၊

 

• ကျောက်ဖြူမြို့နယ်တွင် COVID-19 ကူးစက်ခံရနိုင်ချေများပြားသူများအား ကျပန်းစနစ်ဖြင့်ရွေးချယ်ကာ rapid test kit အသုံးပြု၍ COVID-19 ပဋိပစ္စည်းရှိ၊ မရှိ စစ်ဆေးသွားမည့် အစီအစဉ်များ တင်ပြခြင်း၊

• COVID-19 လူနာများအား ပုဂ္ဂလိကဆေးရုံများတွင် လက်ခံကုသမှုပေးနိုင်ရေးအတွက် ပုဂ္ဂလိက ဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည့် ကိစ္စများကို တင်ပြခြင်း၊

• ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုပညာရှင်များ၊ စေတနာ့ဝန်ထမ်းများသည် COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများအားထောက်လှမ်းရှာဖွေခြင်း၊ အသွားအလာကန့်သတ်ခြင်း၊ လူနာများအား ကုသခြင်း နှင့် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းစသည့်လုပ်ငန်းများကို လုပ်ဆောင်မှု ကာလကြာမြင့် လာသည်နှင့် အမျှ စိတ်ရော၊ ကိုယ်ပါပင်ပန်းနွမ်းနယ်နေမှုများ၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်ပြောကြားရာတွင် -

• လက်တွေ့မြေပြင်တွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို စေတနာအပြည့်ဖြင့် မိမိတို့ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိ လေးစားပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ (health care provider) ဆေရုံများ၌ အဆင်ပြေစွာ လုပ်ကိုင်နိုင်စေရေးနှင့် ၎င်းတို့သည် ရောဂါကူးစက်ခံ ရနိုင်ချေမြင့်မားသူများဖြစ်သဖြင့် နေအိမ်သို့ ပြန်လည်နေထိုင်ပါက နေအိမ်ရှိအတူနေမိသားစုဝင်များထံ ရောဂါကူးစက်နိုင်ချေရှိနေသဖြင့် နေအိမ်သို့မပြန်လိုသူများအတွက် အဆင်ပြေစွာ နေထိုင်နိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပရဟိတအလှူရှင်များနှင့် တိုင်ပင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေရာများလည်း လျာထားပြီးဖြစ်ပါကြောင်း၊ ရောဂါပိုးတွေ့ရှိပြီး ရောဂါလက္ခဏာ မရှိသော မိမိတို့ကျန်းမာရေးဝန်ထမ်းများအတွက်လည်း အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ရောဂါကူးစက်ခြင်းမခံရစေရေး လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များအား ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးများနှင့် တိုင်ပင်၍ လိုအပ်ချက်များအား တတ်နိုင်သမျှအမြန်ဆုံး ဖြည့်ဆည်းခြင်းနှင့် ထပ်မံလိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ပြည်သူများကုသမှုပေးနေသည့် မိမိတို့၏ဝန်ထမ်းများအား ရောဂါမကူးစက်စေရေးအတွက် တစ်ကိုယ်ရေသုံးရောဂါ ကာကွယ်ရေးပစ္စည်းလိုအပ်ချက်များအား အသေးစိတ် ဆန်းစစ်ကာ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထပ်မံ၍လည်း ကြိုတင်ဝယ်ယူဖြည့်တင်းလျက်ရှိပါကြောင်း၊

• COVID-19 လူနာများအား ကုသရာ၌ ပုဂ္ဂလိကဆေးရုံများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ပုဂ္ဂလိက ဆေးရုံများမှ တာဝန်ရှိသူများနှင့် အမြန်ဆုံးဆွေးနွေးရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

• COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများ ခြေကုန်လက်ပန်းကျပါက ကျန်းမာရေးစနစ်ကြီးတစ်ခုလုံးပြိုလဲသွားနိုင်သည့်အတွက် ဝန်ကြီးဌာနရှိ တက္ကသိုလ် (၁၆) ခုမှ ဆရာ၊ ဆရာမများအား လိုအပ်သလို အလှည့်ကျတာဝန်ချထားခြင်းနှင့် ပံ့ပိုးပေးခြင်းတို့ကို ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ဓာတ်ခွဲနမူနာရယူခြင်း၊ ပို့ဆောင်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ လူနာများပို့ဆောင်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့ပို့ဆောင်ခြင်း၊ ကုသမှုပေးခြင်း၊ ရောဂါကာကွယ်ရေးလုပ်ငန်များဆောင်ရွက်ခြင်း စသည့် ကဏ္ဍများအလိုက် အဖွဲ့များဖွဲ့ကာ စောင့်ကြည့်အကဲဖြတ်ခြင်း၊ လိုအပ်ချက်များပံ့ပိုးခြင်းနှင့် ချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်ခြင်းများကို အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော လက်တွေ့မြေပြင်အခြေအနေများကို သုံးသပ်ကာ ပိုမိုထိရောက် အောင်မြင်စေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းလမ်းညွှန်များကိုလည်း မွမ်းမံ၍ ထုတ်ပြန်လျက်ရှိပါကြောင်း၊

• ယခုအချိန်တွင် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဆောင်ရွက်၍ မရဘဲ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ လိုအပ်ချက်အချို့ကို ချက်ချင်းမဖြည့်ဆည်းနိုင်ပါကလည်း သည်းခံစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ တတ်နိုင်သမျှ အမြန်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊

• သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ဆောင်ရွက်နိုင်မှသာလျှင် ကပ်ရောဂါကို အချိန်တိုအတွင်း ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်သဖြင့် မိမိတို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အစွမ်းကုန်ဆက်လက်ပံ့ပိုးမည်ဖြစ်ပါကြောင်း၊

 

• ဝန်ကြီးဌာန၊ အစိုးရအဖွဲ့များ၊ နှီးနွှယ်ဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား တာဝန်ခွဲဝေ သတ်မှတ်ခြင်း နှင့် သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီဖလှယ်ခြင်းများကို အဓိကထားဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆိုင်ရာ အချက်အလက်များ အားလုံးကို တစ်နေရာတည်းစုစည်းမြင်နိုင်ကာ လက်ရှိ အခြေအနေကို ဆန်းစစ်သုံးသပ်ရန်၊ လုပ်ငန်းများကို ဆန်းစစ်ရန်၊ ပံ့ပိုးရန်နှင့် လိုအပ်သော အစီအမံနှင့် လုပ်ငန်းများ အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် စီမံခန့်ခွဲမှု သတင်းအချက်အလက်ပြ စာမျက်နှာ (dashboard) များစတင် ပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

• ထို့အပြင် အများပြည်သူအတွက် COVID-19 ဆိုင်ရာ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် လွယ်ကူစွာ အချိန်နှင့် တစ်ပြေးညီသိရှိစေရန်အတွက် (dashboard) တစ်ခုကိုလည်း အမြန်ဆုံးပြုလုပ်၍ အင်တာနက်စာမျက်နှာ၌ တင်ထားမည်ဖြစ်ပါကြောင်း၊

 

• နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Videoconferencing စနစ်ဖြင့်လည်းကောင်း၊ ရုပ်မြင်သံကြားမှ လည်းကောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာရှုထောင့်များမှ ဆွေးနွေးပြောကြားခဲ့သည့် လမ်းညွှန်ချက်များအနက် အရေးကြီးသည့် ကျန်းမာရေးကဏ္ဍဆိုင်ရာ အချက်များကို မိမိတို့ မှတ်သားထုတ်နုတ်ကာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• လူနာများအား ထိရောက်စွာကုသပေးနိုင်ရန် လမ်းညွှန်ချက်များကို ရေးဆွဲပေးသော ပါမောက္ခဆရာဝန်ကြီးများအားကျေးဇူးတင်ရှိပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ မိမိနေအိမ်သို့မပြန်လိုပါက နေထိုင်ရန် ကိစ္စရပ်များအား ဦးစီးဆောင်ရွက်နေသည့် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်နှင့် အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်ရှိပါကြောင်း၊ ထပ်မံလိုအပ်သည့် ပံ့ပိုးမှုများအား ဝန်ကြီးဌာနမှ ဦးစားပေးပံ့ပိုးပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

    

     ယနေ့အစည်းအဝေးတွင် -

• ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ နှင့် ဆေးရုံများ၏ အခြားလိုအပ်ချက်များအားလုံးကို အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ ရောဂါမကူးစက်စေရေး၊ လူနာများအား ပိုမိုထိရောက်စွာ ကုသပေးနိုင်စေရေး၊ COVID-19 လူနာနှင့်ထိတွေ့သူများအား လျင်မြန်စွာရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုအားကောင်းစေရေး အတွက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ်နှင့် အထူးကု ဆရာဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များပါဝင် သော အဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းပြီးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။

 

More Tags