ရခိုင်ပြည်နယ်တွင်သာမက အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၌လည်း ကူးစက်ဖြစ်ပွားမှုများပြားလာသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၇) ရက်နေ့

     "ရခိုင်ပြည်နယ်တွင်သာမက အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၌လည်း ကူးစက်ဖြစ်ပွားမှု များပြားလာသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး" ကို ယနေ့၊ နံနက် (၉:၃၀) နာရီတွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံများမှ ဆေးပညာအထူးကုဆရာဝန်ကြီးများ၊ ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ဗဟိုကွင်းဆင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် -

• လက်ရှိ COVID-19 ကူးစက်ပြန့်ပွားမှု များပြားနေသော ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၏ အခြေအနေများအား ခြုံငုံဆန်းစစ်သုံးသပ်မှုများနှင့် လက်ရှိဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသော COVID-19 လူနာများ၏ အခြေအနေများအား တင်ပြခြင်း၊

• လူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများ၊ ရောဂါပိုးတွေ့ရှိပြီး စတင်ဆေးရုံတက်စဉ်က မည်သည့်ရောဂါလက္ခဏာမျှ မရှိသော်လည်း ရောဂါဖြစ်ပွားပြီး ကာလတစ်ခုတွင် COVID-19 ကြောင့် ပြင်းထန်အဆုတ်ရောင် ရောဂါအပါအဝင် အခြားရောဂါလက္ခဏာများဖြစ်ပွားလာနိုင်မှုတို့ကို အသိပေး မျှဝေခြင်း၊

• ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အသွား အလာကန့်သတ်ထားရှိမှု အခြေအနေများနှင့် အသွားအလာကန့်သတ်ရန် နေရာများ ရှာဖွေစီစဉ်ထားရှိမှု အခြေအနေများအား တင်ပြခြင်း၊

• ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောဂါကူးစက်နိုင်ချေများသူများအား ကျပန်းစနစ်ဖြင့် ရွေးချယ်ကာ rapid test kit ဖြင့် ပဋိပစ္စည်းများ (antibodies) ရှိ၊ မရှိစစ်ဆေးမှုမှ တွေ့ရှိချက်နှင့် ဆန်းစစ်သုံးသပ်ချက်များအား တင်ပြခြင်း၊

 

• စစ်တွေမြို့တွင် မိမိအိမ်တွင်သာနေထိုင်ရေး (stay at home) အစီအစဉ်လိုက်နာဆောင်ရွက်မှုနှင့် နှာခေါင်းနှင့်ပါးစပ်စည်း (mask) တပ်ဆင်ခြင်း အပါအဝင် ရောဂါကာကွယ်ရေးနည်းလမ်းများအား လိုက်နာကျင့်သုံးမှုအခြေအနေများကို ကွင်းဆင်းလေ့လာဆန်းစစ်မှုအတွေ့အကြုံကို ရှင်းလင်း တင်ပြခြင်း၊

• COVID-19 Clinical Management Committee မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နှင့် နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်များအပေါ် အခြေခံပြီး COVID-19 လူနာများ ဆေးရုံဆင်းခွင့် သတ်မှတ်ချက်များအား မွမ်းမံပြင်ဆင်ထားရှိမှုနှင့် အလားတူ အသွားအလာကန့်သတ်မှုဆိုင်ရာ သတ်မှတ်ချက်များမွမ်းမံပြင်ဆင်ကာ အတည်ပြုနိုင်ရေး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ တင်ပြထားရှိမှုတို့ကို အသိပေးတင်ပြခြင်း၊

• ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ နေ့စဉ်ဆက်သွယ်ကာ ဆေးနှင့်ဆေးပစ္စည်း လက်ကျန် စာရင်းများ ပြုစုခြင်းနှင့် ဖြည့်ဆည်းခြင်းများဆောင်ရွက်နေမှုအခြေအနေများအား တင်ပြခြင်း၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် လူနာဆောင်များ ထပ်မံတိုးချဲ့နေမှုနှင့် ဆရာဝန်၊ သူနာပြုနှင့် အထောက်အကူပြုပညာရှင်များ၊ ပံ့ပိုးကူညီဆောင်ရွက်သူများပါဝင်သော အဖွဲ့တစ်ခုထပ်မံ ဖွဲ့စည်းရန်ကိစ္စတင်ပြခြင်း၊

 

• ဆေးပညာ၊ အရေးပေါ်ကုသမှုဆေးပညာနှင့် မေ့ဆေးပညာ မဟာဘွဲ့သင်တန်း (နောက်ဆုံးနှစ်) တက်ရောက်နေသူ ဆရာဝန်များ၊ သူနာပြုမဟာဘွဲ့နှင့် အထူးပြုသူနာပြုဒီပလိုမာသင်တန်းများ တက်ရောက်နေသည့် သူနာပြုများအား "မိမိဆန္ဒအလျောက်" COVID-19 ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စကို အဆိုပြုတင်ပြခြင်း၊

• COVID-19 ဓာတ်ခွဲစစ်ဆေးနေမှုအခြေအနေများနှင့် ဓာတ်ခွဲနမူနာများကို အချိန်မီသယ်ယူပို့ဆောင်ရေး ကိစ္စရပ်များဆွေးနွေးခြင်း၊

• ရောဂါကူးစက်ပြန့်ပွားမှု များပြားနေသော ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိလာသူများအား မည်သို့စီမံခန့်ခွဲရမည်ဆိုသည့် ကိစ္စ၊

• COVID-19 လူနာများအား ပုဂ္ဂလိကဆေးရုံများတွင် လက်ခံကုသမှုပေးနိုင်ရေးအတွက် ပုဂ္ဂလိက ဆေးရုံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည့် ကိစ္စများကို တင်ပြခြင်း၊

• ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်း (hospital infection prevention and control) ကို လိုက်နာကျင့်သုံးမှုကောင်းမွန်စေရေးဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခြင်းနှင့်

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

 

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်ပြောကြားရာတွင် -

• လက်ရှိတွင် COVID-19 ဖြစ်ပွားမှုနည်းပါးနေသေးသော တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ အနေဖြင့် စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုလူနာများအာ စနစ်တကျ သီးခြားထားရှိ ကုသမှုပေးနိုင်ရန်အတွက် ကြိုတင်စီစဉ်မှုများပြုလုပ်ထားရှိရမည်ဖြစ်ပြီး နေရာလိုအပ်ချက်ရှိပါက သက်ဆိုင်ရာ မြို့နယ်အားကစားနှင့်ကာယပညာသိပ္ပံဦးစီးဌာန၊ ပညာရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 လူနာကုသသည့် ဆေးရုံများတွင် ရောဂါပြင်းထန်သည့် COVID-19 လူနာများအတွက် အထူးကြပ်မတ်ကုသဆောင်များကို ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊

 

• ယခုအစည်းအဝေးမှ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရေး အသေးစိတ် စီစဉ်ညှိနှိုင်းမှုများ ပြုလုပ်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆွေးနွေးမှုများ ပြုလုပ်ကာ မိမိဒေသနှင့်ကိုက်ညီသော လက်တွေ့ကျသည့်လုပ်ငန်းအစီအစဉ်များ ချက်ချင်း ချမှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယခု COVID-19 ဖြစ်ပွားမှုမှာ လျင်မြန်စွာ ပျံ့နှံ့နေသဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဖြစ်ပေါ်လာမည့် အခြေအနေကို ကြိုတင်မှန်းဆကာ အချိန်နှင့်တစ်ပြေးညီကာကွယ်ကုသနိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အလိုက် စောင့်ကြည့်အကဲဖြတ်အဖွဲ့ (monitoring team) များ နှင့် ကုသမှုအထူးကုများပါဝင်သည့် အဖွဲ့များ ကြိုတင်ဖွဲ့စည်းပြင်ဆင်ထားရှိရမည်ဖြစ်ပါကြောင်း၊

• ယခု လျင်မြန်စွာပျံ့နှံ့နေသည့် COVID-19 ကို အချိန်နှင့် တစ်ပြေးညီ ကိုင်တွယ်တုံ့ပြန်ရမည်ဖြစ်ပြီး ဗဟိုမှ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီပေးပို့နေသည် ဖြစ်သဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများ အနေဖြင့် အီးမေးလ်ကို အချိန်မှန် ကြည့်ရှုတုံ့ပြန်ရန်မှာ အရေးကြီးပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ COVID-19 ဆိုင်ရာ ကူးစက်ရောဂါဗေဒနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့် ဆန်းစစ်သုံးသပ်ချက်များအား တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေ့စဉ်ပေးပို့ရမည်ဖြစ်ပါကြောင်း၊

 

• ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲအနေဖြင့် တစ်ကိုယ်ရေရောဂါကာကွယ်ရေး အသုံးအဆောင်များအပါအဝင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် လက်ကျန်စာရင်းများကို နေ့စဉ်သုံးသပ်ကာ လိုအပ်သည်များ ကြိုတင်တွက်ချက်ဝယ်ယူ ဖြည့်တင်းထားရမည်ဖြစ်ပါကြောင်း၊

• COVID-19 လူနာများအား စေတနာပြည့်ဝစွာဖြင့် ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းများတွင် အမှတ်တမဲ့ဖြစ်ကာ ရောဂါကူးစက်မှုမရှိစေရေးအတွက် ရောဂါကူးစက်မှုကာကွယ်ရေးလုပ်ငန်း လမ်းညွှန်များ လိုက်နာကျင့်သုံးမှုရှိစေရေးအတွက် အချင်းအချင်းသတိပေးမှုများလည်း အမြဲလုပ်ဆောင်ကြစေလိုပါကြောင်း၊

• ယနေ့ထုတ်ပြန်မည့် COVID-19 လူနာများ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များကို နိုင်ငံတကာ တွေ့ရှိချက်များနှင့်အညီ မွမ်းမံပြင်ဆင်ရေးဆွဲပေးခဲ့သည့် ဆေးပညာ၊ မေ့ဆေးပညာ၊ အရေးပေါ်ကုသမှုဆေးပညာ၊ အပူပိုင်းနှင့်ကူးစက်ရောဂါပညာ၊ ရောဂါဗေဒပညာ၊ ဓာတ်မှန်ပညာနှင့် ရင်ခေါင်းရောဂါဆေးပညာတို့မှ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေးပညာရှင်ကြီးများ ပါဝင်သည့် COVID-19 Clinical Management Committee အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အစည်းအဝေးဆုံးဖြတ်ချက်အရ -

• တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုမှ လုပ်ဆောင်နေသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အခြားတိုင်းဒေသကြီး/ ပြည်နယ်မှ သိရှိနိုင်ကာ ကောင်းမွန်သည့် အချက်များအား အတုယူလုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ပုံ အကျဉ်းများပြုစုကာ တစ်ပြည်လုံးရှိ ဆေးရုံကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသို့ အီးမေးလ်ဖြင့်ဖြန့်ဝေ၍ အသိပေးရန်၊

• ရောဂါကူးစက်မှုများပြားနေသည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ရောဂါဗေဒ အချက်အလက်များကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ လည်းကောင်း၊ ဆေးရုံပိုင်းဆိုင်ရာ အချက်အလက်များကို ကုသရေး/ဆေးအကာအကွယ်/ဆေးခုံဌာနခွဲမှ လည်းကောင်း ဆန်းစစ် သုံးသပ်မှုများ ပြုလုပ်၍ အသိပေးမျှဝေသွားရန်၊

 

• COVID-19 နှင့် ပတ်သက်၍ နောက်ဆုံးတွေ့ရှိချက်များအား အခြေခံကာ မွမ်းမံပြင်ဆင်ရေးဆွဲထားသော COVID-19 လူနာများ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်ကို ချက်ချင်းဖြန့်ဝေသွားရန်၊

• COVID-19 လူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများ၊ အခံရောဂါရှိသူများတွင် COVID-19 ဖြစ်ပွားပါက သေဆုံးမှုအန္တရာယ်အထိပြင်းထန်နိုင်သော အခံရောဂါအမျိုးအစားများ၊ လူနာများအား ကုသရာတွင် တွေ့ရှိရသည့် ထူးခြားမှုများနှင့် အတွေ့အကြုံများအား ဆေးရုံအသီးသီးသို့ အီးမေးလ်ဖြင့် အမြန်ဆုံးဝေမျှပေးပို့ရန်၊

• ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်း (hospital infection prevention and control) ကို လိုက်နာကျင့်သုံးမှုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ လူနာဆောင်အလိုက် ကြီးကြပ်သူများ တာဝန်ပေးအပ်ရန်၊

• COVID-19 Clinical Management Committee ၏ Videoconferencing စနစ်ဖြင့် ပြုလုပ်သော အစည်းအဝေးများတွင် တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံများမှ အထူးကုဆရာဝန်များ တက်ရောက်ရန်၊

 

• ရောဂါကူးစက်ပြန့်ပွားမှု များပြားနေသော ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိလာသူများအား စီမံခန့်ခွဲရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆေးရုံများတွင် စေတနာ့ဝန်ထမ်းများအဖြစ် ကူညီဆောင်ရွက်သူများအား ဝန်ကြီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်ရန်၊

• မဟာဘွဲ့သင်တန်း (နောက်ဆုံးနှစ်) တက်ရောက်နေသူ ဆရာဝန်များ၊ သူနာပြုမဟာဘွဲ့နှင့် အထူးပြုသူနာပြုဒီပလိုမာသင်တန်းများ တက်ရောက်နေသည့် သူနာပြုများမှ "မိမိဆန္ဒအလျောက်" COVID-19 ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုသူများအား တာဝန်ပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ စီစဉ်ဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ပါသည်။

 

More Tags