ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ် ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၄) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉) နာရီတွင် ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သော "ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ် ဆွေးနွေးပွဲ"သို့ တက်ရောက်ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• လက်ရှိရခိုင်ပြည်နယ်၌ လျင်မြန်စွာ ပျံ့နှံ့နေသည့် COVID-19 အား ထိရောက်စွာ အမြန်ဆုံး ထိန်းချုပ်နိုင်ရန် လက်တွေ့မြေပြင်တွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို သိရှိရေးအတွက် လည်းကောင်း၊ ထပ်မံအားဖြည့်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရန်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးနိုင်ရန်အတွက် လည်းကောင်း၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်ချက် များနှင့် အတွေအကြုံမျှဝေရန်အတွက်လည်းကောင်း၊ ရောဂါကာကွယ်ထိန်းချုပ်နေသည့် နည်းဗျူဟာပုံစံများကို လိုအပ်ပါက မွမ်းမံနိုင်ရန် ရည်ရွယ်၍ လည်းကောင်း ပြုလုပ်သည့် ယခုနေ့စဉ်အစည်းအဝေးသည် လက်တလောအချိန်ကာလ၌ အလွန် အရေးကြီးပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်လည်းကောင်း၊ အခြားအဖွဲ့အစည်းများနှင့် လည်းကောင်း ပူးပေါင်းကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်လျက်ရှိသည့်အပြင် လူနာများ စောစီးစွာပျောက်ကင်းရန်နှင့် သေဆုံးမှုနည်းပါးစေရန် ဆေးရုံများ၌ ဆရာဝန်၊ ဆရာမနှင့် ကျွမ်းကျင်ပညာရှင်များသည် အစွမ်းကုန်ကြိုးစား အားထည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

• ဝန်ကြီးဌာနမှ ဆေးပညာအထူးကုများ၊ မေ့ဆေးအထူးကုများ၊ ရောဂါဗေဒ၊ အဏုဇီဝဗေဒ၊ ဓာတ်မှန်နှင့် ဆေးဝါးပညာရှင်များ၊ လက်ထောက်ဆရာဝန်နှင့် သွားနှင့်ခံတွင်းဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ သူနာပြုအုပ်၊ သူနာပြုဆရာမကြီး၊ အထက်တန်းသူနာပြုနှင့် သူနာပြုများ၊ ကျန်းမာရေးမှူးများနှင့် သားဖွားဆရာမများ၊ ယခုအထိ စုစုပေါင်း (၁၂၈)ဦးသည် မိမိဆန္ဒအလျောက် ရခိုင်ပြည်နယ်သို့ သွားရောက်တာဝန်ထမ်းဆောင် ပံ့ပိုးနေသည်ကို ဂုဏ်ပြုအသိအမှတ်ပြုပါကြောင်း၊
• ကပ်ရောဂါဗေဒသဘောတရားများအရ ယခုလက်ရှိကာလတွင် တွေ့ရှိရသည့် COVID-19 လူနာများနှင့် ထိတွေ့သူများတွင် ရောဂါကူးစက်မှုများ ဆက်လက်ရှိနေနိုင်ကာ ကူးစက်ဖြစ်ပွားသူ အရေအတွက်များ သည် ရက်သတ္တပတ် (၁) ပတ်မှ (၂) ပတ်ခန့် ဆက်လက်မြင့်မားနေမည်ဟု ခန့်မှန်းရပါကြောင်း၊
• ယခုအချိန်၌ COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများနှင့် COVID-19 ကူးစက်မှုများပြားနေသည့် ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများအား ရှာဖွေဖော်ထုတ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းသည် အဓိကကျကာ လက်ရှိအချိန်အတွက် အထိရောက်ဆုံးနည်းဗျူဟာဖြစ်သည်ဆိုသည့်အချက်ကို မိမိတို့အားလုံးသိရှိ သဘောပေါက်ရမည်ဖြစ်ပြီး ဤလုပ်ငန်းအား မိမိတို့အနေဖြင့် တတ်နိုင်သမျှ ပိုမိုအားထည့်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• ရခိုင်ပြည်နယ်မှ လေကြောင်းခရီးဖြင့် ဝင်ရောက်လာသူများ မြန်မာနိုင်ငံရှိ မည့်သည့်မြို့နယ်များသို့ရောက်ရှိနေသည်ကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး ထိုမြို့နယ်များ၌ ရောဂါထိန်းချုပ်မှုလုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊
• ယခုအခါ မြန်မာနိုင်ငံ၌တွေ့ရှိရသော COVID-19 လူနာများ၏ (၇၅) ရာခိုင်နှုန်းသည် ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြသည့်အပြင် ဤရောဂါပိုး၏ မြန်ဆန်သော ကူးစက်မှုပုံစံကို တွေ့ရှိရသည့်အတွက် အမြင်အားဖြင့် ကျန်းမာနေသည့် ရောဂါပိုးရှိသူများထံမှ ထပ်မံပြန့်ပွားရန် အလားအလာများနေပါကြောင်း၊

 

• သို့ဖြစ်ပါ၍ COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများနှင့် ရောဂါဖြစ်ပွားမှုများပြားနေသည့် ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများအား ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းများတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု မရှိပါက ၎င်းတို့မှ တစ်ဆင့် "ထပ်ဆင့်ရောဂါကူးစက်မှုများ" ဖြစ်ပွားကာ ထိန်းချုပ်ရန် ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားနိုင်သည့်အပြင် ဤရောဂါထိန်းချုပ်မှုကာလမှာ ကြာရှည် သွားနိုင်ပါကြောင်း၊
• ပြည်သူများအနေဖြင့် ဤအရေးကိစ္စသည် မိမိနှင့် မိမိ၏မိသားစုအတွက် အလွန်အရေးကြီးသည့် ကိစ္စဖြစ်သည့်အပြင် နိုင်ငံ၏ အရေးကိစ္စလည်းဖြစ်သည် ဆိုသော အချက်ကို နှလုံးမူ၍ ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများ အားလုံးသည် နီးစပ်ရာကျန်းမာရေးဌာနများသို့ မိမိအသိစိတ်ဖြင့် ချက်ချင်းဆက်သွယ်ရန် အရေးကြီးပါကြောင်း၊
• ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများသည် ကျန်းမာရေးစစ်ဆေးမှုနှင့် အသွားအလာကန့်သတ်မှု ခံယူရန်အား ရှောင်ပုန်းနေခြင်းများ ပြုလုပ်ပါက မိမိမှတစ်ဆင့် မိသားစုထံသို့ "ထပ်ဆင့်ရောဂါ ကူးစက်မှုများ" ဖြစ်ပွားနိုင်သည်ဆိုသည့် အချက်ကို သိရှိစေလိုပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမြဲပြောကြားသည့် "မိမိ၌ ရောဂါကူးစက်ခံရပါက ထိုရောဂါပိုးသည် မိမိကိုယ်၌ ရှိနေသည်" ဆိုသည့်အချက်ကို သိရှိစေလိုပါကြောင်း၊
• ရခိုင်ပြည်နယ်၌ ရောဂါကူးစက်မှုမြန်ဆန်နေသည့်အတွက် အခြားသော ကူးစက်မှုနည်းပါးနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လိုအပ်သည့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန်အဟုန်မလျှော့ဘဲ ကြိုတင်စီစဉ် ဆောင်ရွက် ထားစေလိုပါကြောင်း၊

 

• စည်ကမ်းလိုက်နာမှုများ အားကောင်းစေရန်နှင့် စနစ်တကျချိန်သားကိုက် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုရေးဝန်ကြီးများ၏ ဦးဆောင်စီမံခန့်ခွဲမှု အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊
• ဤရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးရှုထောင့်တစ်ခုတည်းမှ ဆောင်ရွက်ပါက လုံးဝလုံလောက်မည်မဟုတ်သဖြင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးရှုထောင့်များမှ ဆောင်ရွက်နိုင်စေရန်အတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လမ်းညွှန်မှုများဖြင့် မိမိတို့ဆောင်ရွက်လျက်ရှိပါကြောင်း၊
• ယခုအချိန်၌ ထိန်းချုပ်မှုလုပ်ငန်းများကို တင်းကြပ်စွာလုပ်ဆောင်လျက်ရှိသည်ကိုလည်း ပြည်သူများအနေဖြင့် နားလည်သဘောပေါက်ကြစေလိုပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွားမှုများ လျော့နည်းပြီးနောက် အခြေအနေအရပ်ရပ်နှင့်ကိုက်ညီကာ ဖြေလျော့သင့်သည် အချိန်၌ ဖြေလျော့ပေးသွားမည်ဖြစ်ပါကြောင်း၊
• ရခိုင်ပြည်နယ်သို့ လိုအပ်သော ဆေးနှင့်ဆေးပ္စည်းကိရိယာများကိုလည်း အထူးလေယာဉ်များဖြင့် ပို့ဆောင်လျက်ရှိပါကြောင်း၊
• COVID-19 ကပ်ရောဂါကာကွယ်ထိန်းချုပ်ရန်အတွက် နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာဖွံဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ ADB၊ World Bank၊ Gavi၊ Global Fund၊ USAID၊ Access to Health Fund နှင့် ဂျပန်နိုင်ငံတို့မှ ပံ့ပိုးသော ဘဏ္ဍာငွေများကို အသုံးပြု၍ ဝယ်ယူထားသော ပစ္စည်းများလည်း စတင်ရောက်ရှိနေပြီး ရခိုင်ပြည်နယ်နှင့် လိုအပ်သည့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ချက်ချင်းခွဲဝေဖြန့်ဖြူးလျက် ရှိပါကြောင်း၊
• ဤရောဂါထိန်းချုပ်ခြင်းကို အချိန်တိုအတွင်းထိရောက်အောင်မြင်ရန်မှာ ပြည်သူများ ပါဝင်ပူးပေါင်း ပံ့ပိုးမှုပေးမှသာလျှင်ရရှိမည်ဖြစ်သည်ကို အလေးအနက်ပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က -
• လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေများ ခြုံငုံသုံးသပ်မှုများကို လည်းကောင်း၊
ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က-
• ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေအသေးစိတ်နှင့် ပတ်သက်၍ ခြုံငုံသုံးသပ်မှုများကိုလည်းကောင်း၊

ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက -
• လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆေးရုံများ၌ ကုသမှု ခံယူနေသည့် COVID-19 လူနာများ အခြေအနေများကို လည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

     ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က ထူးခြားဖြစ်စဉ်များတင်ပြခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

     ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags