COVID-19 ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ် ဆွေးနွေးပွဲပြုလုပ်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ (၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက် (၉) နာရီတွင် ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သော " COVID-19 ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ နေ့စဉ်ဆန်းစစ်သုံးသပ် ဆွေးနွေးပွဲ"သို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က -

• အသွားအလာကန့်သတ်ထားသူများ၊ စောင့်ကြည့်လူနာများနှင့် COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများအား ဓာတ်ခွဲစစ်ဆေးမှုအခြေအနေနှင့် ၎င်းတို့တွင် COVID-19 ဖြစ်ပွားမှုရာခိုင်နှုန်းများ၊

• အသွားအလာကန့်သတ်ထားရှိမှုအခြေအနေများ၊

• ယမန်နေ့က ဓာတ်ခွဲနမူနာ (၂,၅၀၀) ကျော်အထိ တိုးမြှင့်စစ်ဆေးခဲ့မှု၊

• လက်ရှိဖြစ်ပွားနေသော COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေများ ခြုံငုံသုံးသပ်မှုနှင့် ပတ်သက်၍ လည်းကောင်း၊

 

     ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က-

• ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်မှုများကိုလည်းကောင်း၊

     ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက -

• လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဆေးရုံများ၌ ကုသမှု ခံယူနေသည့် COVID-19 လူနာများ အခြေအနေများ၊

• လူနာများတွင် တွေ့ရှိရသော ရောဂါလက္ခဏာများ၊

• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲထားရှိမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊

 

     ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က -

• ယခုလတ်တလောကာလတွင် စောင့်ကြည့်လူနာအရေအတွက်များလာပြီး ၎င်းလူနာများအနက် COVID-19 တွေ့ရှိမှုရာနှုန်းသည် ယခင်ကထက်များပြားလာမှုကိုလည်းကောင်း၊

 

     ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာမိုးခိုင်က -

• COVID-19 လူနာများအား ဆေးရုံဆင်းခွင့်ပေးခြင်း သတ်မှတ်ချက်အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နှင့် နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်များအပေါ် အခြေခံကာ သက်ဆိုင်ရာ ပညာရှင်အသီးသီးနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီး မူကြမ်းရေးဆွဲထားရှိမှုနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• မိမိတို့နိုင်ငံတွင် တွေ့ရှိရသော COVID-19 လူနာများ၏ ရောဂါလက္ခဏာများကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်ကာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဖြန့်ဝေအသိပေးကြရမည်ဖြစ်ပါကြောင်း၊

• ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) မှ ဆရာ၊ ဆရာမများအနေဖြင့် ယခုကာလအတွင်း ယခုကဲ့သို့ အစည်းအဝေးများတွင် တက်ရောက်ကာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပြုချက်များပေးအပ်ခြင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲတွင် တွဲဖက်လုပ်ကိုင်ကာ လက်တွေ့အတွေအကြုံများ ရယူခြင်းတို့ကိုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ထပ်မံတိုးမြှင့်လုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေကြသည့် ဝန်ထမ်းများအတွက် ပံ့ပိုးမှုများပြုလုပ်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 လူနာများအား ဆေးရုံဆင်းခွင့်ပေးခြင်း သတ်မှတ်ချက်အား အမြန်ဆုံးချမှတ်ကာ ရေးဆွဲထားသည့် လုပ်ငန်းလမ်းညွှန်အားမွမ်းမံ၍ ဖြန့်ဝေသွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

     အဆိုပါအစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags