ရခိုင်ပြည်နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော COVID-19 အား ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဗဟို၊ ရခိုင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများနှင့် ကွင်းဆင်းအဖွဲ့များ Videoconferencing စနစ်ဖြင့် ဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၈) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော COVID-19 အား ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဗဟို၊ ရခိုင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးကဏ္ဍတာဝန်ရှိသူများနှင့် ကွင်းဆင်းအဖွဲ့များ Videoconferencing စနစ်ဖြင့် ဆွေးနွေးပွဲသို့ ရုံးအမှတ် (၄)၊ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• ဩဂုတ်လ (၁၆) ရက်နေ့မှ ယနေ့၊ နံနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် COVID-19 ဖြစ်ပွားသူ (၂၁၆) ဦးတွေ့ရှိခဲ့ပြီး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိသူ (၆) ဦးတွင်လည်း COVID-19 ကူးစက်ဖြစ်ပွားသည်ကို တွေ့ရှိရပါကြောင်း၊

• ရခိုင်ပြည်နယ်၌ COVID-19 သည် အချိန်တိုကာလအတွင်းများပြားစွာတွေ့ရှိလျက်ရှိပြီး ကပ်ရောဂါ၏ သဘောသဘာဝအရ ရက်အနည်းကြာဆက်လက်များပြားနိုင်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထိန်းချုပ်မှုလုပ်ငန်းများကို အထူးဝါယမစိုက်ထုတ်၍ လုပ်ဆောင်လျက်ရှိသဖြင့် ရောဂါဖြစ်ပွားမှုအရှိန်သည် မကြာခင်ကာလ၌ နှေးကွေးသွားနိုင်မည် ဟု ယူဆပါကြောင်း၊

 

• ထိုကဲ့သို့ ကူးစက်ဖြစ်ပွားမှု ရုတ်တရက်များပြားလာခြင်းသည် COVID-19 ကူးစက်ခံနေသူများသည် မိမိ၌ ရောဂါဖြစ်ပွားနေသည်ကို မသိရှိဘဲ ခရီးသွားလာမှုများပြားခဲ့ကာ လူအများနှင့် ထိတွေ့မိခဲ့ခြင်း ကြောင့် ဖြစ်ပါကြောင်း၊

• ဆေးသုတေသနဦးစီးဌာနတွင် ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာ (၉) ခုလုံးတွင် COVID-19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခုသည် ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ ကူးစက်မှုမြန်ဆန်နေသည်ဟု ယူဆပါကြောင်း၊ မျိုးဗီဇတစ်ခုလုံး (whole genome sequencing) ကို ဆေးသုတေသနဦးစီးဌာနမှ ဆက်လက်စစ်ဆေးလျက်ရှိပါကြောင်း၊

• ရခိုင်ပြည်နယ်၌ ဩဂုတ်လ (၁၆) ရက်နေ့ နောက်ပိုင်းတွေ့ရှိရသော COVID-19 လူနာများတွင် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြသဘဲ အမြင်အားဖြင့်နေကောင်း နေသူများမှာ (၇၉%) အထိရှိနေသည့် အတွက် ရောဂါပိုးရှိသူများ မိမိတို့ပတ်ဝန်းကျင်တွင်ရောက်ရှိနေနိုင်သည်ဖြစ်၍ ပြည်သူများအနေဖြင့် ရောဂါကူးစက်ခြင်းမခံရစေရန်အတွက် "လူစုလူဝေးရှောင်ရှားခြင်း၊ တတ်နိုင်သမျှနေအိမ်တွင်သာ နေထိုင်ခြင်း၊ နှာခေါင်းနှင့်ပါးစပ်စည်းတပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျ စက္ကန့် (၂၀) ကြာအောင် ဆေးကြောခြင်းနှင့် ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများအား တွေ့ရှိပါက သက်ဆိုင်ရာသို့ ချက်ချင်း အသိပေးအကြောင်းကြားခြင်း" တို့ကို တိကျစွာ လိုက်နာဆောင်ရွက်ကြမှသာလျှင် ဤရောဂါကူးစက်ဖြစ်ပွားမှုကို အချိန်တိုအတွင်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊

• ထိုသို့ ပြည်သူများသိရှိလိုက်နာဆောင်ရွက်စေရေးအတွက် လက်ကိုင်အသံချဲ့စက်များအသုံးပြုကာ အသိပေးနှိုးဆော်မှုများကို ရပ်ကွက်များတွင် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ နေ့စဉ် (၅) ကြိမ်ခန့် ပြုလုပ်သွားရမည် ဖြစ်ပါကြောင်း၊

• ဩဂုတ်လ (၁၀) ရက်မှ (၂၇) ရက်နေ့အတွင်း ရခိုင်ပြည်နယ်မှ လေကြောင်းခရီးစဉ်ဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိသွားသူ (၅,၇၀၀) ဦးကျော်ရှိပြီး ထိုသူများအနက် အချို့သည် COVID-19 ကူးစက်လျက်ရှိသူများဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်သို့ ဩဂုတ်လ (၁၀) ရက်နေ့နောက်ပိုင်း ခရီးသွားရာဇဝင်ရှိခဲ့သူများအားလုံးသည် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း အကြောင်း ကြားရမည်ဖြစ်ပါကြောင်း၊

• ထိုသူများမှတစ်ဆင့် အခြားသူများသို့ အဆင့်ဆင့် ထပ်မံကူးစက်ခြင်းများ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခြင်း မရှိစေရေးအတွက် မိမိတို့အနေဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းအရှိန်အဟုန်ကို ပုံမှန်ထက် (၂) ဆခန့်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ လိုအပ်ချက်များအား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ်၌ COVID-19 ဖြစ်ပွားနေသည့် ပုံစံကို ကပ်ရောဂါဗေဒနှင့် ပြည်သူ့ကျန်းမာရေးရှုထောင့်မှ သုံးသပ်ပါက ရောဂါထိန်းချုပ်ရေးကိစ္စများကို အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာဆုံးဖြတ်၍ တုံ့ပြန်ဆောင်ရွက်မှသာလျင် ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ်တွင်ဆောင်ရွက်ရမည့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများသည် ထပ်တူ ညီမျှဖြစ်မည်မဟုတ်ပါကြောင်း၊

 

• ဝန်ကြီးဌာနသည် ကပ်ရောဂါဗေဒသဘောတရားများနှင့်အညီ COVID-19 အား ကာကွယ်ထိန်းချုပ်ရာတွင် ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်နှင့်အညီ လုပ်ငန်းနည်းဗျူဟာနှင့် လုပ်ငန်း စဉ်များကို မွမ်းမံကာ တုံ့ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• လက်ရှိရေးဆွဲထားသည် လုပ်ငန်းလမ်းညွှန်များနှင့် စံလုပ်ထုံးလုပ်နည်းများကိုလည်း COVID-19 ရောဂါနှင့် ပတ်သက်၍ ထပ်မံတွေ့ရှိချက်အသစ်များ၊ ကူးစက်ပျံ့နှံ့ပုံစံများ၊ ပြောင်းလဲလျက်ရှိသော ရောဂါ လက္ခဏာများစသည်တို့နှင့် အညီ မွမ်းမံရေးဆွဲကာ အချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးရမည် ဖြစ်ပါကြောင်း၊

• ရခိုင်ပြည်နယ်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရရှိနိုင်သည့် လူ့စွမ်းအား၊ အချိန်၊ ဘဏ္ဍာငွေ၊ ပစ္စည်းကိရိယာ အရင်းအမြစ်များနှင့် ပကတိမြေပြင်အခြေအနေတို့ကို ချိန်ထိုး ကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ယခုအချိန်၌ ရခိုင်ပြည်နယ်သို့ ခရီးသွားလာခဲ့သူများသည် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိနေသဖြင့် အလုပ်သမားနှင့် ဝန်ထမ်းများပြားစွာ စုရုံးလုပ်ကိုင်လျက်ရှိသော စက်ရုံနှင့် အလုပ်ရုံများတွင် ရောဂါကူးစက်မှုမရှိစေရေးနှင့် ကပ်ရောဂါအသွင်မဖြစ်စေရေးအတွက် ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့် အညီ အပြည့်အဝလိုက်နာဆောင်ရွက်ရမည် အပြင် သက်ဆိုင်ရာတာဝန်ရှိသူ များက စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေးလုပ်ငန်းများကို အားဖြည့်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊

• COVID-19 လူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်း ဆောင်ရွက်ရာတွင် လူနာတစ်ဦးချင်းကို မေးမြန်းရမှု၊ ၎င်းတို့နှင့်ထိတွေ့ခဲ့သူများအား ဆက်သွယ်ရှာဖွေရမှု လုပ်ငန်းများသည် လူအင်အားနှင့် အချိန်တို့ကိုသုံးစွဲဆောင်ရွက်ရခြင်းဖြစ်ပြီး လိုအပ်သည့် ပံ့ပိုးမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အတတ်နိုင်ဆုံးနှင့် အမြန်ဆုံး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ယာယီစခန်း (IDP camp) များနှင့် ပြန်လည်လက်ခံရေးစခန်းတွင် ကပ်ရောဂါအစုလိုက်ပုံစံဖြင့် ဖြစ်ပွားနိုင်သဖြင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• "ပါးစပ်နှင့်နှာခေါင်းစည်း (mask) မတပ်ဆင်သူများအား ဈေးများသို့ ဝင်ခွင့်မပြုရေးနှင့် မြို့တွင်းနှင့်အဝေးပြေးယာဉ်များတွင် စီးနင်းခွင့်မပြုရေး" တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ လုပ်ဆောင်ကြရန်မှာ ယခုအချိန်အခါ၌ အထူးအရေးကြီးနေပြီ ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ဓာတ်ခွဲမှုဆိုင်ရာပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်အတွက် ကြိုတင်တွက်ဆ ဝယ်ယူထားရှိသည့်အပြင် GeneXpert စက်များကိုလည်း ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနှင့် မောင်တောမြို့နယ်တို့တွင် တပ်ဆင်ကာ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ပါကြောင်း၊

• စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ထပ်မံလိုအပ်မည့် အထူးကြပ်မတ်ကုသသည့် လူနာခုတင်များနှင့် အသက်ရှူစက်များကိုလည်း ချက်ချင်းဖြည့်ဆည်းလျက်ရှိပါကြောင်း၊

• ယခုအခါတွင် စစ်တွေမြို့၌ လူနာများထားရှိရန်အတွက် သူနာပြုသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံတို့ကို ယာယီဆေးရုံအဖြစ်အသုံးပြုလျက်ရှိပြီး ထပ်မံတိုးမြင့်လာနိုင်သည့် လူနာများအတွက် ယာယီဆေးရုံ တစ်ခုထပ်မံဖွင့်လှစ်တည်ထောင်နိုင်ရေး စီစဉ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား နိုင်ငံတစ်ဝန်းလုံးတွင် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မိမိဆန္ဒအလျောက်သွားရောက် တာဝန် ထမ်းဆောင် နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများအားလုံးကို ကျေးဇူးတင်ရှိဂုဏ်ယူပါကြောင်း၊

• ယခုအစည်းအဝေးတွင် ရခိုင်ပြည်နယ်တွင် COVID-19 ပျံ့နှံ့မှုများနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ပျံ့နှံ့မှုများအား ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည်များနှင့် အကြံပြုချက်များအား ပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်က -
• ရခိုင်ပြည်နယ်တွင် လက်ရှိ COVID-19 ကူးစက်ဖြစ်ပွားနေမှုအခြေအနေများ၊
• ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊
• ဓာတ်ခွဲနမူနာများ ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်တော်မြို့များတွင် စစ်ဆေးနေမှုနှင့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်နေမှု၊
• ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်ခြင်း (hospital infection prevention and control) လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နေမှု၊
• သူနာပြုသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံတို့ကို ယာယီဆေးရုံအဖြစ်အသုံးပြုကာ လူနာများ ထားရှိမှု၊
• ကူးစက်နိုင်ချေများသည့် လူအုပ်စုများနှင့် နေရာဒေသ များကို ကျပန်းစနစ်ဖြင့် ရွေးချယ်ကာ ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ရောဂါကူးစက်ပျံ့နှံ့မှု ပုံသဏ္ဌာန်များကို ဆန်းစစ် ဖော်ထုတ်ရေး ဆောင်ရွက် နေမှုများအားလည်းကောင်း၊

ဆက်လက်၍ ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က -
• စစ်တွေမြို့တွင်းနေရာများ၊ ကျန်းမာရေးဌာနများနှင့် ယာယီစခန်းများသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကပ်ရောဂါဗေဒရှုထောင့်မှ ဆန်းစစ်တွေ့ရှိချက်များနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊
• COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်း (contact tracing) လုပ်ဆောင်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများအားလည်းကောင်း၊

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က -
• ရန်ကုန်တိုင်းဒေသကြီးတွင် ဓာတ်ခွဲနမူနာများကွင်းဆင်းကောက်ယူမှု၊ အသွားအလာကန့်သတ်မှု၊ COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းမှုလုပ်ငန်းများအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကိုလည်းကောင်း၊

     ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က -
• လက်ရှိတွင် COVID-19 ပျံ့နှံ့ကူးစက်မှုနှင့် ကပ်ရောဂါဗေဒဆန်းစစ်ချက်များအားလည်းကောင်း၊
     ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က -
• မြန်မာနိုင်ငံမှ COVID-19 လူနာများ၏ ရောဂါပျံ့နှံ့ကူးစက်မှု၊ ရောဂါလက္ခဏာများ၊ နေရာဒေသ၊ အသက်အုပ်စု၊ ကျား/မ၊ အလုပ်အကိုင် အလိုက်ဆန်းစစ်ချက်များအားလည်းကောင်း၊

 

     ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက -
• ဆေးရုံအသီးသီးတွင် COVID-19 လူနာများ ကုသမှုခံယူနေမှုအခြေအနေများ၊
• ရခိုင်ပြည်နယ်တွင် (၂၆-၈-၂၀၂၀) ရက်နေ့မှစ၍တွေ့ရှိရသော COVID-19 လူနာ (၂၁၆) ဦး၏ ကျန်းမာရေးအခြေအနေကောင်းမွန်နေမှုနှင့် ၎င်းလူနာများတွင် အသက်အရွယ်ကြီးသူများနှင့် အခြား အခံရောဂါရှိသူများ (၁၆) ဦးပါဝင်နေမှုကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

      ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများကို အသီးသီးဆောင်ရွက်ခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• ရခိုင်ပြည်နယ်၌ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဖွဲ့အစည်းများစွာဝိုင်းဝန်းဆောင်ရွက်နေသည်ဖြစ်သည့်အပြင် လုပ်ငန်းကဏ္ဍရပ်မျိုးစုံပါဝင်သည်ဖြစ်၍ တာဝန်ခွဲဝေ သတ်မှတ် ထားရှိကာ ချိန်သားကိုက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကာ အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခြင်းနှင့် လိုအပ်ချက်များအား စီစဉ်ဖြည့်ဆည်း ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ Videoconferencing စနစ်ဖြင့် ပြုလုပ်သည့်အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ကွင်းဆင်းအဖွဲ့များ နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

More Tags